အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟ ိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း တို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။ ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)မှ ပြင်ဆင်လိုသည့်အချက် ၁၁ ချက်နှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှ တစ်ချက်ချင်းအလိုက် အဆိုပြုတင်ပြပြီး ညှိနှိုင်းရေးကော်မတီမှ လေ့လာ ဆန်းစစ်တွေ့ရှိချက်များကို တစ်ချက်ချင်းအလိုက် အလွတ်သဘော ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အဆိုပြုချက်များအပေါ် တက်ရောက်လာသူများက မိမိတို့၏သဘောထားများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။
ယင်းနောက် နှစ်ဖက်ဆွေးနွေးချက်များအရ ရရှိလာသည့်သဘောထားများအား သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။