တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံ ပြည်သူများအား နိုဝင်ဘာလ (၄) ရက် မှ (၂၁) ရက်အထိ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကု ဆေးအဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၅,၀၃၇ ဦး၊ ခွဲစိတ်ရောဂါ ၇၅၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၆၂၂ ဦး၊ ကလေးရောဂါ ၇၀၅ ဦး၊ အရိုးရောဂါ ၂၂၈၉ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၅၃ ဦး၊ မျက်စိရောဂါ ၂,၈၇၀ ဦးနှင့် သွားရောဂါ ၉၂၄ ဦး စုစုပေါင်းဒေသခံပြည်သူ ၁၃,၈၅၉ ဦး တို့ကိုလိုအပ် သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ် လူနာ ၂၁၄ ဦး၊ အထွေထွေခွဲစိတ်လူနာ ၄၁ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၈၀ ဦး၊ Ultrasound ရိုက်လူနာ ၅၇၉ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၅၈၁ ဦးနှင့် ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၅၈၃ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ် ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂ ဦးအား အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့သည်။
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိ လာသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ဝင်များအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ဂုဏ်ပြုပေးအပ်ချီး မြှင့်သော လက်ဆောင်ပစ္စည်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဗိုလ်ချုပ် ထိန်ဝင်း က ပေးအပ်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည်(၁၅)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၁၂၆,၁၆၇ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန် ဆောင်မိခင် ၁၇ ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိ သည်။