၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကျဉ်းကျခံနေရသူ(၅၇၇၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု ရန်ကုန် ၊ နိုဝင်ဘာ ၁၇

Friday, November 18, 2022 - 11:15

၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကျဉ်းကျခံနေရသူ(၅၇၇၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု

ရန်ကုန် ၊ နိုဝင်ဘာ ၁၇

     နိုင်ငံတော်မှ အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုသောအားဖြင့် လူမှုရေးအရငဲ့ညှာမှုနှင့်အတူ နိုင်ငံ တော်၏စေတနာကို နားလည်သိရှိစေရန် ရှေးရှုသောအားဖြင့်  နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကျဉ်းကျခံနေရသူ(၅၇၇၄)ဦးကို လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ရာ ရန်ကုန်အင်းစိန်ထောင်ရှိ  နိုင်ငံခြားသားလေးဦးအပါအဝင် အကျဉ်းသား/အကျဉ်းသူ ၉၈၅ ဦးကို ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

     အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသား/အကျဉ်းသူ (၉၈၅)ဦးတို့ကို Stadium ခန်းမ၌ မွန်းလွဲ(၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်တို့က ဩဝါဒစကားများကို ပြောကြားသည်။

     နိုင်ငံတော်အစိုးရက နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/အကျဉ်းသူ (၅၇၇၄) ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည့် အနုပညာရှင် (၁၁) ဦး၊ လူမှုရေးအရသက်ညှာခွင့်ပြုခဲ့သော (၃၃) ဦးနှင့်    နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှု၍ လူသားချင်းစာနာထောက်ထားမှုကို အ လေးထားသောအားဖြင့်    နိုင်ငံခြားသားများဖြစ်ကြသည့် မစ္စတာရှောင်တာနယ်၊ မစ္စတာတိုရူကိုဘူတာ၊ မစ္စဗစ်ကီဘိုးမန်းနှင့်  အမေရိကန်နိုင်ငံသားခံယူထားသော ဦးကျော်ဌေးဦးတို့ကို ပြစ်ဒဏ်များဖြေလျော့ ၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။     

     နိုင်ငံတော်၏ လွတ်ငြိမ်းသက်သာခွင့်ရရှိသော အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား(၈၉၄)ဦး၊ အကျဉ်းသူ(၈၇)ဦးနှင့် နိုင်ငံခြားသား(၄)ဦးတို့ဖြင့် စုစုပေါင်း(၉၈၅)ဦးတို့ကို မွန်းလွဲ (၂) နာရီခွဲမှစ၍  ရန်ကုန်မြို့၏ခရိုင်လေးခုသို့ YBS ယာဉ်များဖြင့် အေးချမ်းမှုကို ဖော်ဆောင်သည့် မိုးဖွဲဖွဲအောက်တွင် ပို့ဆောင်ခဲ့ပြီး နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန်အမှတ် ၇၀၊ ၇၁၊ ၇၂ နှင့် ၇၄/၂၀၂၂တို့ဖြင့် ထုတ်ပြန်သည့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိသော နိုင်ငံသားအကျဉ်းသား/သူ ၉၈၁ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၄  ဦးတို့အား နိုင်ငံတော်၏စေတနာအမှန်ကို ထုတ်ဖော်ပြသည့်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

            နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ ကျူးလွန်ခဲ့ သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း  လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက် ယခုပြန်လည် လွတ်မြောက်လာသည့်အချိန်တွင် ကျန်းမာပျော်ရွင်လျက်ရှိပြီး လာရောက်ကြိုဆိုသည့် မိဘဆွေမျိုး များကလည်း ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြသည်။

            ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်များ၊ အကျဉ်းစခန်းများ၌ အကျဉ်းကျခံနေသည့် အကျဉ်းသား/အကျဉ်းသူများကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။