ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာလမ်းခွဲ၌ မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက် သမားများက နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တမ်းရပ်ကွက်နေ ဒေါ်လှလှဝင်းသည် မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာသို့ မွေးနေ့ပွဲသွားရောက်ရန် မိတ်ဆွေများခေါ်ဆောင်၍ LIGHT TRUCK အမျိုးအစား မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ငါန်းဇွန်မြို့နယ်၊ တံတားဦး- မြင်းခြံသွား ကားလမ်း၊ မင်းနေကုန်းကျေးရွာလမ်းခွဲသို့ ညနေ ၃ နာရီခွဲခန့်အချိန်၌ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ ဝဲဘက် ခြမ်းမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန်သေဆုံးခဲ့ပြီး၊ ၅ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးပြီး သေဆုံးအလောင်းနှင့် ဒဏ်ရာရသူများအား ဆေးကုသမှုခံယူနိုင်ရေး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ကြောင်းနှင့် ထိုကဲ့သို့ စစ်ရေးပစ်မှတ် မဟုတ်သည့် ပြည်သူများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။