နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် မွန်ပြည်သစ် ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ် တို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ယခင် ဒုတိယ အကြိမ်ဆွေးနွေး ခဲ့စဉ်က မပြီးပြတ်ဘဲ ဆက်လက် ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြု စာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၁)၊ (၂) နှင့် (၃)တို့ပါ သဘော တူညီချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်များနှင့် ပတ်သက်၍ လည်း ကောင်း ဆွေးနွေးပွဲ တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများ၊ လိုလားချက် များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဒုတိယနေ့ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။