နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့ ၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် နေပြည်တော်၊ နိုဝင်ဘာ ၈

Tuesday, November 8, 2022 - 14:15

နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့ ၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၈

          ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Hellenic Police Headquarters ၌ ၂၀၂၂ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်း အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်လင်း ဉီးဆောင်သောကိုယ်စားလှယ် ၂ ဉီးတက်ရောက်ခဲ့ပြီး ဉရောပသမဂ္ဂအဖွဲ့ဝင် ၁၉ နိုင်ငံနှင့် အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ နော်ဝေ၊ ကနေဒါ၊ နိုင်ဂျီးရီးယား၊ ဩစတြေးလျ၊ မက်စီဒိုးနီးယား၊ အရှေ့အလယ်ပိုင်းဒေသ ၄ နိုင်ငံ တို့မှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံများမှ မြန်မာနိုင်ငံ၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ် များ စုစုပေါင်း (၁၀၅)ဉီး တက်ရောက်ခဲ့ပါသည်။

          ညီလာခံတွင် ဂရိနိုင်ငံရဲတပ်ဖွဲ့၊ နော်ဝေနိုင်ငံရဲတပ်ဖွဲ့၊ ဆိုက်ပရပ်နိုင်ငံရဲတပ်ဖွဲ့၊ အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်သာလန်နိုင်ငံရဲတပ်ဖွဲ့၊ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့၊ ဂျာမနီနိုင်ငံရဲတပ်ဖွဲ့၊ ဉရောပရဲအဖွဲ့၊ ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးအဖွဲ့(FBI)၊ ဂရိနိုင်ငံ (Center for Security Studies/Kentro Meleton Asfaleias – KEMEA)၊ အမေရိကန်ပြည်ထောင်စု (Foundation for Defense of Democracies နှင့် The Fletcher School of Law and Diplomacy/Tufts University)၊ ဗြိတိန်နိုင်ငံ (London Metropolitan Police ၊ National Crime Agency – NCA ၊ Global Interagency Security Forum – GISF နှင့် College of Policing)၊ ဉရောပနိုင်ငံများမှအကြံပေး အဖွဲ့များကွန်ယက် (European Network of Advisory Teams - EuNAT)တို့မှ စေ့စပ်ညှိနှိုင်းရေး တပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများ၊ စိတ်ပညာရှင်များ က ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပေးဆွဲခြင်းများနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ အတွေ့အကြုံဗဟုသုတများ၊နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့်နည်းဗျူဟာများကိုရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ဓားစာခံများအားသတ်ဖြတ်ခြင်းကို The International Convention against the Taking of Hostages အပါအဝင် နိုင်ငံတကာ ကွန်ဗင်းရှင်းများက တင်းကျပ်စွာတားမြစ်ပိတ်ပင်ထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိပြည်တွင်းဉပဒေများရေး ဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေတွင်ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းသည့် အကြမ်းဖက်ကျူးလွန်မှုများမ ဖြစ်ပွားစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ရေးအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေရေးဆွဲလျှက်ရှိပြီး ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ(၂၀၂၃)ကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံမှတစ်ဆင့်ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။