ဖားကန့်မြို့နယ်အတွင်း ဆူပူဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်း စည်းမျဉ်းများအတိုင်း လူစုခွဲဆောင်ရွက်

Thursday, April 1, 2021 - 10:15

နေပြည်တော်၊ မတ် - ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံကျေးရွာမှ ကျော်လင်း ဦးဆောင်သည့် ဆန္ဒပြသူအင်အား ၈၀၀ ဦးခန့်သည် မတ် ၃ ရက် နံနက် ၁၀ အချိန်ခန့်တွင် မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖားကန့်မြို့အတွင်း လှည့်လည်ကြွေးကြော်ဆန္ဒပြခြင်းများ ဆောင်ရွက်ရန် ငှက်ပျောတောရပ်ကွက် မြို့လယ်လမ်းမအတိုင်း ချီတက်လာခဲ့ပြီး ဖားကန့်မြို့မ ရဲစခန်းအနီးသို့ရောက်ရှိစဉ်

လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ကိုင်အသံချဲ့စက်များဖြင့် လူစွဲခွဲဖယ်ရှားပေးပါရန် မေတ္တာရပ်ခံခြင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် ဤနေရာသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ- ၁၄၄ ထုတ်ပြန်ထားသည့် နေရာဖြစ်ပြီး လူစုလူဝေးပြုလုပ်ခြင်း သည် ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေးဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခြင်းစသည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများအတိုင်း အနည်းဆုံးအင်အား၊ အနိမ့်အဆင့်ဖြင့် တားမြစ်ခဲ့သည်။

ထိုသို့တားမြစ်ခဲ့သော်လည်း ဆန္ဒပြသူများသည် လူစုခွဲထွက်ခွာခြင်းများ မပြုဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရေသန့်ဘူးများ၊ သစ်သားချောင်းများ၊ ကျောက်ခဲများ၊ ငရုတ်ကောင်း စပရေးရည်များ၊ မီးသတ်ဆေးဘူးများဖြင့် ပြန်လည်ပစ်ပေါက်ပက်ဖြန်းမှုများ စသည့် အကြမ်းဖက်မှုလုပ်ရပ်များ ဆောင်ရွက်လာပြီး သံစည်ပိုင်းများဖြင့် ဒိုင်းပုံစံပြုလုပ်ထား သော ဒိုင်းများကို အကာအကွယ်ပြု၍လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်လုံးထွေးရန် ကြိုးစား ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံပေးခြောက်လှန့်ပစ်ခတ်ခြင်းများ၊ မျက်ရည်ယိုဗုံးပစ်ခတ်ခြင်းများဖြင့် လူစုကို ဖြိုခွင်းခဲ့ရသည်။ ထို့ပြင် ဆူပူဆန္ဒပြသူ ၃၀၀ ဦးခန့်က အလံများ၊ ဆိုင်းဘုတ်များ၊ သံစည်ပိုင်းများအား ဖျက်၍ ဒိုင်းပုံစံပြုလုပ်ထားသည့် ဒိုင်းများ ကာရံကာ ဖားကန့်မြို့မရဲစခန်းရှေ့သို့ စုရုံး ရောက်ရှိလာပြီး အတားအဆီးများ ချထား၍ အော်ဟစ်ဆန္ဒပြနေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုလူဝေးအား စနစ်တကျကိုင်တွယ်ထိန်းသိမ်းသည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများအတိုင်း အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် အကြိမ်ကြိမ် အသိပေး သတိပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ဆူပူဆန္ဒပြသူအဖွဲ့က ကျောက်ခဲများ၊ သစ်သား ချောင်းများ၊ ရေသန့်ဘူးူများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် အသံပေးခြောက်လှန့်ပစ်ခတ်၍ လူစုကို ဖြိုခွဲခဲ့ရသည်။ အဆိုပါဖြစ်စဉ်များတွင် ဆူပူဆန္ဒပြသူများအနက် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်းအေးချမ်းသာယာရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။