နေပြည်တော်၊ မတ် - ၃
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့ခနိကျေးရွာ၊ ကော့ခနိရွှေကျောင်းတိုက် ဆရာတော် မြို့နယ်သံဃာ့ဝန်ဆောင် ဘဒ္ဒန္တသုမနအမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၂၀ ပါးအား အဆိုပါကျောင်းတိုက်၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု ဖူးမြော်ကြည်ညိုကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် မိသားစုဝင် ၄၃၀ ဦးတို့ကို တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်အဖွဲ့ဝင် များသည် မုံရွာမြို့ရှိ ပြည်သူ့ဆေးရုံကြီး(ခုတင်- ၅၀၀)၌ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး တင်ပြချက်များအပေါ်လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။