ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ( ၄၇ / ၂၀၂၂ )
၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်
( ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် )
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေ ရမည်။
၂။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၂ တွင်-
(က) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဂ) ကော်မရှင်ဆိုသည်မှာ ဤဥပဒေပုဒ်မ ၅ အရ ဖွဲ့စည်းထားသည့် အမျိုးသားပညာရေးကော်မရှင်ကို ဆိုသည်။”
(ခ) ပုဒ်မခွဲ (ဓ) တွင်ပါရှိသော “အမျိုးသားပညာရေးမူဝါဒကော်မရှင်” ဆိုသည့် စကားရပ်ကို “ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ဂ) ပုဒ်မခွဲ (ယ) နှင့် (ဠ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ယ) အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ ဆိုသည်မှာ ပညာရေး အမျိုးအစားများနှင့် ပညာရေးအဆင့် အသီးသီး၏ အရည်အသွေးအာမခံမှုကို အကဲဖြတ် ဆောင်ရွက်ရန် ဝန်ကြီးဌာနက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင် များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။
(ဠ) တက္ကသိုလ်ကောင်စီ ဆိုသည်မှာ သက်ဆိုင်ရာတက္ကသိုလ်၏ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ၎င်းတို့နှင့် အဆင့်တူညီ သောပုဂ္ဂိုလ်များ၊ မဟာဌာနမှူးများ၊ ဌာနမှူးများ၊ ဘာသာရပ် ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ တာဝန်ရှိ သူများ အပါအဝင် သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ် စာတမ်းအရ ဖွဲ့စည်းသည့် ကောင်စီကိုဆိုသည်။”
(ဃ) ပုဒ်မခွဲ (အ) ၏ နောက်တွင် ပုဒ်မခွဲ (ကက) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
“(ကက)အမျိုးသားပညာရေးအဆင့်မူဘောင် ဆိုသည်မှာ ပညာရေးအဆင့် အသီးသီး၏ အရည်အသွေးအာမခံမှုနှင့် အရည်အသွေးအဆင့် အတန်း တို့ကို သတ်မှတ်နိုင်ရန် အမျိုးသားပညာရေး အဆင့် အတန်းနှင့်အရည်အသွေးအာမခံမှုအကဲဖြတ် ကော်မတီက ရေးဆွဲ ၍ ဝန်ကြီးဌာနက အတည်ပြုထားသည့် မူဘောင်ကို ဆိုသည်။”
၃။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄ တွင် -
(က) ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် ပညာရေးနှင့် သက်ဆိုင်သည့်ဥပဒေများ ရေးဆွဲရာတွင် ကျွမ်းကျင်ပညာရှင်များ နှင့် ပြည်သူလူထု၏ အကြံပြုချက်များကိုရယူရေး၊”
(ခ) ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ရမည်။
(ဂ) ပုဒ်မခွဲ (ည)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ည) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် နှင့် သိပ္ပံများသည် ပညာရေး ဆိုင်ရာ မူဝါဒများနှင့်အညီ လွတ်လပ်သော စီမံခန့်ခွဲရေး စနစ်ကို ဦးတည်ဆောင်ရွက်ရေး၊”
(ဃ) ပုဒ်မခွဲ (ဏ) တွင် ပါရှိသော “ပညာရေးအဆင့်အတန်း” ဆိုသည့် စကားရပ်အစား “အမျိုးသားပညာရေး အဆင့်မူဘောင်နှင့်အညီ ပညာရေး အဆင့်အတန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၄။ အမျိုးသားပညာရေးဥပဒေ အခန်း (၄) တွင်-
(က) ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည် -
“အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ တာဝန် ဝတ္တရားများ”
(ခ) ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၅။ (က) အစိုးရအဖွဲ့သည် အမျိုးသားပညာရေးကော်မရှင်ကို အောက်ပါ အတိုင်း ဖွဲ့စည်းရမည်-
(၁) အစိုးရအဖွဲ့က ရွေးချယ်သော ပညာရှင် (၁) ဦး၊
(၂) ဝန်ကြီးဌာနက ရွေးချယ်သော ပညာရှင် (၁) ဦး၊
(၃) အခြေခံပညာရေးကဏ္ဍမှ ပညာရှင် (၁) ဦး၊
(၄) အဆင့်မြင့်ပညာရေးကဏ္ဍမှ ပညာရှင် (၁) ဦး၊
(၅) နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍမှ ပညာရှင်(၁)ဦး၊
(၆) ဆရာအတတ်သင်ပညာရေးကဏ္ဍမှ ပညာရှင်(၁) ဦး၊
(၇) လူတိုင်းအကျုံးဝင်ပညာရေးကဏ္ဍမှ ပညာရှင် (၁) ဦး၊
(၈) သင်ရိုးညွှန်းတမ်း ပညာရှင် (၁) ဦး၊
(၉) ဥပဒေပညာရှင် (၁) ဦး၊
(၁၀) ဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂)ဦး။
(ခ) ကော်မရှင်၏ ဥက္ကဋ္ဌကို ကော်မရှင်အဖွဲ့ဝင်များက ရွေးကောက် တင်မြှောက်ရမည်။
(ဂ) ကော်မရှင်၏ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့၏ တာဝန်ကို ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ဆောင်ရွက် စေရမည်။
(ဃ) အစိုးရအဖွဲ့သည် လိုအပ်ပါက ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း နိုင်သည်။
(င) ကော်မရှင်၏ သက်တမ်းသည် သာမန်အားဖြင့် ငါးနှစ် ဖြစ်သည်။
၆။ ကော်မရှင်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ပညာရေးစနစ်နှင့် ပညာရေးဆိုင်ရာမူဝါဒများ၊ ပညာရေး ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုအပေါ် အကြံ ပြုခြင်း၊
(ခ) ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းများအပေါ် အကြံပြုခြင်း၊
(ဂ) ပြည်တွင်းပြည်ပနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများ ပိုမိုတိုးတက် ဖြစ်ထွန်း လာရေးအတွက် အားပေးကူညီအကြံပြုခြင်း၊
(ဃ) ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ လူမှုစီးပွား ဘဝမြင့်မားရေးဆိုင်ရာလုပ်ငန်းများတွင် အားပေးကူညီ အကြံပြုခြင်း၊
(င) ကျောင်းများတွင် ကောင်းမွန်သော အရည်အသွေး စီမံ ခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာစေရေးအတွက် အားပေးကူညီ အကြံပြုခြင်း။”
(ဂ) ပုဒ်မ ၇ နှင့် ပုဒ်မ ၁၀ တို့ကို ပယ်ဖျက်ရမည်။
၅။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ (ခ) ၏ နောက်တွင် ပုဒ်မခွဲ (ဂ) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
“(ဂ) အကြောင်းအမျိုးမျိုးကြောင့် မူလတန်းအဆင့်ပညာရေးကို သင်ယူခွင့် မရရှိ ခဲ့သော သို့မဟုတ် သင်ယူပြီးမြောက်မှုမရှိခဲ့သော အသက် ၁၀ နှစ်မှ ၁၄ နှစ် အတွင်း ကလေးများသည် ကျောင်းပြင်ပ မူလတန်းပညာရေးကို သင်ယူရ မည်။”
၆။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၆။ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြား သင်ယူမှုနှင့် လွတ်လပ်သော စီမံခန့်ခွဲရေး စနစ်ကို ဦးတည်ဆောင်ရွက်ရမည်။”
၇။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၇ ကို ပယ်ဖျက်ရမည်။
၈။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၈ တွင်-
(က) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဂ) တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်ကောင်စီက တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ တာဝန်ယူဆောင်ရွက်ရမည်။”
(ခ) ပုဒ်မခွဲ (ဃ) တွင် ပါရှိသော “ပညာရေး” ဆိုသည့်စကားရပ်ကို “ပညာရပ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၉။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၃၉နှင့် ပုဒ်မ ၄၀ တို့တွင် ပါရှိသော “ကော်မရှင်” ဆိုသည့်စကားရပ်ကို “ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၀။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၁ ပုဒ်မခွဲ (က) တွင် ပါရှိသော “ကော်မရှင်က ဖွဲ့စည်းပေးသော” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။
၁၁။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၃ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ) အခြေခံပညာအဆင့်တွင် မြန်မာဘာသာစကားကို စာသင်ခန်းသုံးဘာသာ စကား အဖြစ် အသုံးပြုရမည်။”
၁၂။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၄၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားသင်ယူမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာမူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည်။”
၁၃။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ (စ) ကို ပယ်ဖျက်ရမည်။
၁၄။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၄ ကိုအောက်ပါအတိုင်းအစားထိုးမည်-
“၅၄ ။ ပညာရေးအဆင့်တိုင်းတွင်-
(က) ပညာအရည်အသွေးအာမခံမှုအစီအစဉ်တစ်ရပ်ရှိရမည်။
(ခ) ပညာအရည်အသွေးနှင့် အဆင့်အတန်း တိုးတက်မှုကို စစ်ဆေး အကဲဖြတ်မည့် အတွင်းအရည်အသွေး စစ်ဆေးအကဲဖြတ်မှု လုပ် ငန်းစဉ်နှင့် ပြင်ပမှ အရည်အသွေး စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ် တို့ ပါဝင်ရမည်။
(ဂ) အရည်အသွေး ခိုင်မာမှုအတွက် စစ်ဆေးအကဲဖြတ်ရမည့် နည်းလမ်းများကို ဝန်ကြီးဌာနက သတ်မှတ်ရမည်။”
၁၅။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၅၅။ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ကော်မတီသည် ပုဒ်မ ၅၄ ပုဒ်မခွဲ (ဂ) ပါ ဝန်ကြီးဌာန၏ သတ်မှတ်ချက်များ နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရမည်။”
၁၆။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၆ တွင်-
(က) ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(က) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့သည် သက်ဆိုင်ရာ အဆင့်မြင့်ပညာ ကျောင်းများကို ဤဥပဒေနှင့် ပညာရေးဆိုင်ရာ အခြားဥပဒေများနှင့်အညီ စီမံခန့်ခွဲရမည်။”
(ခ) ပုဒ်မခွဲ (ခ)၏ နောက်၌ ပုဒ်မခွဲ (ဂ)ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“(ဂ) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့သည် အမျိုးသား ပညာ ရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒများ အကောင် အထည်ဖော်မှုအပေါ် အကဲဖြတ်သုံးသပ်ရမည်။”
၁၇။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၇ တွင်-
(က) ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ရမည်။
(ခ) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဃ) ပုဒ်မခွဲ (ခ)ပါ အဆင့်မြင့်ပညာကျောင်းများမှအပ ကျန်အဆင့်မြင့် ပညာကျောင်းများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နိုင် ရန် တက္ကသိုလ် ကောင်စီကို သက်ဆိုင်ရာ တက္ကသိုလ် အသီးသီး၏ ပဋိညာဉ်စာတမ်းနှင့်အညီ ဖွဲ့စည်းခွင့်ပြုရမည်။”
၁၈။ အမျိုးသားပညာရေးဥပဒေပုဒ်မ၅၈ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၅၈။ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ပညာရေးဆိုင်ရာ မူဝါဒများကို ရေးဆွဲ၍ အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူခြင်း၊
(ခ) အမျိုးသားပညာရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒ များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည် အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၊ အခြားလိုအပ်သော ကော်မတီ၊ ကောင်စီနှင့် အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးခြင်း၊
(ဂ) ပညာရေးအရည်အသွေးမြင့်မားရေးနှင့် ဖွံ့ဖြိုးရေးအတွက် မူဝါဒ များ၊ မဟာဗျူဟာများနှင့် ယင်းတို့ကို အကောင်အထည် ဖော်မည့် စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်း ချမှတ်ခြင်းကို အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူခြင်းနှင့် အကောင်အထည်ဖော်မှုကို ပံ့ပိုးခြင်း၊
(ဃ) သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒများ၊ မဟာဗျူဟာများနှင့် ယင်းတို့ကို အကောင် အထည်ဖော် ဆောင်ရွက်မှု စီမံချက်၊ ပညာရေး ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ပညာရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် အခြားလုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်း၊
(င) ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်သော ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကျွမ်းကျင်သူ၊ နည်းပညာ၊ ဘဏ္ဍာရေးနှင့် ကျောင်း တည်ထောင်ဖွင့်လှစ်မှုများကို အကူအညီပေးခြင်းနှင့် ပညာရေးဆိုင်ရာ အရည်အသွေးစံနှုန်းများ တစ်ပြေးညီ ဖြစ်စေရန် အတွက် ပံ့ပိုးညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊
(စ) ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များ၊ အခြား သက်ဆိုင်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊
(ဆ) ပညာရေးအတွက် လျာထားသည့် ရသုံးဘဏ္ဍာငွေများကို ဘဏ္ဍာ ရေးစည်းမျဉ်း စည်းကမ်းများ နှင့်အညီ အသုံးပြုစေခြင်း၊
(ဇ) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ နှင့်ပညာရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံခြင်း၊
(ဈ) ပညာသင်ယူမှုမပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှု ရပ်တန့်ခဲ့ရသော ကျောင်းသားများအတွက် သင့်လျော်သော ပညာ သင်ယူခွင့်တစ်ခုခု ပြန်လည်ရရှိစေရန် လိုအပ်သော အစီအမံများ သတ်မှတ်ထားရှိခြင်း၊
(ည) အရည်အသွေးအာမခံမှု စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊
(ဋ) ပညာရေးကဏ္ဍအတွက် ပြည်တွင်းပြည်ပမှ ငွေကြေးနှင့် အထောက်အပံ့များ ရယူသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ကြီးကြပ် လမ်းညွှန်ခြင်း၊
(ဌ) ကျောင်းများ ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့် ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်း တို့ နှင့်စပ်လျဉ်း၍ ကြီးကြပ်လမ်းညွှန်ခြင်း။”
၁၉။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၉ တွင် ပါရှိသော “အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဆိုသည့် စကားရပ်အစား “စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၂၀။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၆၅။ ဝန်ကြီးဌာနသည် -
(က) ကော်မရှင်နှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို မိမိ၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံစေရမည်။
(ခ) ဤဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီ၊ ကောင်စီနှင့် အဖွဲ့များ၏ ကုန်ကျစရိတ်များကို မိမိ၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံစေရမည်။
(ဂ) ဤဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီ၊ ကောင်စီ နှင့် အဖွဲ့များတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ပုဂ္ဂိုလ်များ အတွက် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်နိုင်သည်။”
၂၁။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၉ တွင်-
(က) ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ) ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ဦးစီးဌာနများသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”
(ခ) ပုဒ်မခွဲ (ခ) ၏ နောက်၌ ပုဒ်မခွဲ (ဂ) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
“(ဂ) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကောင်စီ နှင့် အဖွဲ့များသည် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ