KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်၊ လူနေအိမ် ၂ လုံး၊ ဘာသာရေး အဆောက်အဦတစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မ

Thursday, October 27, 2022 - 15:30

          KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO(ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း  တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နှင့် ဒေသခံများ ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ ယခုလ ၂၁ ရက်တွင် မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေရပ်ကွက်များ၊ ဝန်ထမ်း အိမ်ရာများနှင့် ရုံးဌာန အဆောက်အဦများအတွင်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းများ လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု နှင့် ပူးပေါင်း၍ တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ယနေ့နေ့လယ်ပိုင်းတွင်လည်း KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်ရှိရှိဖြင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမှတ်(၇) ရပ်ကွက်အတွင်း သို့ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ လုံး၊ ဘာသာရေးအဆောက်အဦ တစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ကာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဗုံးသီးများ ကျရောက်ရာ ရပ်ကွက်အတွင်း ပေါက်ကွဲမှု မရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှုများ ကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်းသို့ ရည်ရွယ် ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည် ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။