အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေး အရကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ ပါသည်။ ထိုသို့ ဖိတ်ကြားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ ပြဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်တူတန်းတူ ကိုယ်စားပြုရေး မူနှင့် သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်ခဲ့ခြင်းမရှိပါ။ အာဆီယံပဋိညာဉ်စာတမ်းအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အားလုံး တန်းတူညီတူ ကိုယ်စားပြုရေး “မူ” နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက် ဖက်ရေး “မူ”တို့ကို မြန်မာနိုင်ငံအနေနှင့် ခိုင်မာစွာလိုက်နာလျက်ရှိရာ၊ ယခုကဲ့သို့ ခွဲခြား ဆက်ဆံသည့် လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိပါ။
အစည်းအဝေးတွင် မြန်မာနိုင်ငံကပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေး သဘောတူညီခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ မူ များနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီ ဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်းမဟုတ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် လိုက်ပါဆောင်ရွက် မည်မဟုတ်ပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ယူပြီးနောက်ပိုင်းတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ မြန်မာ နိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ(၅)ချက် အကောင် အထည် ဖော်ခြင်းကို အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှုရရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ပွင့်လင်းစွာ ဆွေးနွေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည် ဖော်လျက်ရှိရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိလျက်ရှိပါသည်။ ထို့ပြင် အာဆီယံ တူညီဆန္ဒ(၅)ချက်တွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စ ပထမ အဆင့်ကို လည်း AHA စင်တာကို ပူးပေါင်းပံ့ပိုးလျက်ရှိပြီး၊ အကူအညီလိုအပ် နေသူများ ထံသို့ ခွဲခြားမှုမရှိဘဲ မျှတစွာရရှိရေးနှင့် အကူအညီပေးအပ်သည့် စေတနာ့ဝန်ထမ်း များ၏ ဘေးကင်းလုံခြုံရေးကို အလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယအဆင့် အကူအညီများ ပံ့ပိုးနိုင်ရေးအတွက် လိုအပ်ချက်များ ဆန်းစစ်မှုဆောလျင်စွာ ပြီးမြောက်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကို တည်ဆောက်ရန် အစိုးရ၏ကြိုးပမ်းနေမှုအပေါ် NUG နှင့် PDF အမည်ခံများက အဖျက်အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်၍ ဖျက်ဆီးလျက်ရှိပါသည်။ ယင်းကဲ့သို့ ပြည်တွင်း၊ ပြည်ပမှ အနှောင့်အယှက်များ၊ ဖိအားပေးမှုများ မည်သို့ပင် ရှိနေသော်လည်း တာဝန်သိ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင် အထည်ဖော်လျက်ရှိပါသည်။ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ရာ၊ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုး မရှိနိုင်သည့်အပြင်၊ ဆိုးကျိုးသက်ရောက်မှုများကိုပင်ဉီးတည်သွားစေနိုင်ပါသည်။
အင်အားကြီးနိုင်ငံများ၏အားပြိုင်မှု၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာကိစ္စများ အားပြိုင်မှုများ အရှိန်မြှင့်တက်နေသည့် ယခုအချိန်မျိုးတွင် အာဆီယံအနေဖြင့် ခိုင်မာသော အဖွဲ့ အစည်းအဖြစ်တည်ရှိရန် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အချက်အခြာကျမှုတို့ကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်ပါသည်။ အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်း ဖြစ်သည် နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် ပြဌာန်းချက်များကို တိတိ ကျကျ လေးစားလိုက်နာရန် လိုအပ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို လေးစား၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရန် အထူးလိုအပ် ပါသည်။ သို့မှသာလျင် အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့် အချက်အချက်အခြာကျမှု တို့ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီဋ္ဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်