လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်

Thursday, April 1, 2021 - 09:30

နေပြည်တော်၊ မတ် - ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်မှုဆောင် ရွက်လျက်ရှိရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့က မင်းမဲ့စရိုက် ဆန်သောလူအုပ်စု (ဗညမေခ့ပ သြဘ) အသွင်ဖြင့် မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ်များ ကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်အကြမ်းဖက်ဆောင်ရွက်နေသော အစုအဖွဲ့များက လူငယ်ထုကို ရှေ့တန်းတင်ကာ နိုင်ငံအဝန်း ဆူပူမှုများဆက်တိုက်ဖြစ်ပွားစေရန်၊ လမ်းပေါ်ရောက်ရှိအုံကြွစေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံစေရေးတို့အတွက် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။ ထိုသို့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့၏ သွေးထိုးလှုံ့ဆော် မှုများကြောင့် ယနေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ဘုရားနီလမ်းဆုံအနီး၌ လူအင်အား ၃၀၀၀ ကျော်ခန့်သည် လူစုလူဝေး ဖြင့် ဆူပူအော်ဟစ်ဆန္ဒပြခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လူစုလူဝေးဖြင့် ဆန္ဒပြနိုင်ရေးအတွက် လမ်းမကြီးများအား ကွန်ကရစ်တုံးများ၊ ဓာတ်တိုင်များ၊ သံကုတင်များ၊ ပန်းအိုးများ၊ အုတ်ခဲများ၊ ကျောက်တုံးများဖြင့် ပိတ်ဆို့ ဆောင်ရွက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေထိုးစက်၊ မြေကော်စက်များ ဖြင့် လမ်းကြောင်းရှင်းလင်းခဲ့ရာ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် လမ်း ၃၀ သို့ အရောက်၌ လူထုလှုပ်ရှားမှု တပ်ပေါင်းစုအမည်ခံ အင်အား ၁၀၀၀ ခန့်က ပိတ်ဆို့ဟန့်တားဆူပူ နှောင့်ယှက်မှုများ ပြုလုပ်၍ ဆူပူအုံကြွမှုများဖြစ်ပေါ်စေရန် လုပ်ဆောင်လာခဲ့သည်။ ဆူပူမှုဖြစ်ပွားခြင်းသည် တည်ငြိမ်အေးချမ်းမှုနှင့် မိဘပြည်သူများ၏ လူမှုဘ၀ လုံခြုံမှုကို ထိခိုက်စေနိုင်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုကွဲစေရေး လက်ကိုင် အသံချဲ့စက်များဖြင့်အကြိမ်ကြိမ် သတိပေးခဲ့ရာတွင်လည်း လိုက်နာမှုမရှိသည့်အပြင် ဂျင်ကလိ များ၊ လေသေနတ်များ၊ ဖန်ဂေါ်လီ၊ မူလီခေါင်းများ၊ လေးဂွများ၊ ဒေသန္တရလုပ်မီးခိုးဗုံးများဖြင့် အကြမ်းဖက်တိုက်ခိုက်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များအတိုင်း လုပ်ထုံးလုပ်နည်း မူဝါဒနှင့်အညီ အဆင့်ဆင့်လူစုခွဲမှုများကို ဆောင်ရွက်ခဲ့ရသည်။ လူစုခွဲနိုင်ရေး ဆောင်ရွက်စဉ် ဆူပူလှုပ်ရှားသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြလူထုကြီးအတွင်း၌ အချင်းချင်းပြေးလွှား ပစ်ခတ်ရာမှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့သည်။အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းများတွင် သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။