PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ အား Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက် နေပြည်တော်၊ အောက်တိုဘာ -၂၂

Saturday, October 22, 2022 - 16:30

            အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့်  အေးချမ်းစွာ နေထိုင်လျက်ရှိသည့်    ပြည်သူလူထုများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အုပ်ချုပ်မှုယန္တရား ပျက်ပြားစေ ရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်လျက် ရှိသည်။

            ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံ ကျေးရွာအတွင်းသို့ Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ မကျီးတုံကျေးရွာအတွင်းသို့ ယနေ့နေ့လယ် ၁ နာရီ ခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် ၂ စီးအသုံးပြု၍ Drop Bomb ၆ လုံးအား  ဖြုတ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲအတွင်းရှိ စာသင်ကျောင်းပေါ်သို့ လက်လုပ်ဗုံး ၁ လုံး၊ စာသင်ကျောင်းဆောင်၏ အရှေ့တန်းစီကွင်းနှင့် စာသင်ကျောင်း၏ မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ လယ်ကွင်းအတွင်းတို့သို့ Drop Bomb များ ကျရောက်ပေါက်ကွဲ    ခဲ့ပြီး အဆိုပါပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် Drone ယာဉ် ၂ စီးသည် အနောက်ဘက် သို့ ဆုတ်ခွာပျံသန်းသွားခဲ့သည်။

            ဖြစ်စဉ်တွင် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ပင်မကျောင်းဆောင်၏ အမိုးသွပ်များ ၊ မျက်နှာကျက်နှင့် ကျောင်းသုံးဗီရိုတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။        ထိုသို့ ကျေးရွာအတွင်း Drop Bomb များဖြင့် ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။