နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော်ကောင်စီ နယ်မြေ ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုဇုန်များနှင့် စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေနှင့် နည်းပညာထောက်ပံ့ ပေးမှု၊ လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များ၊ စပါးခွံသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုကုန် ထုတ် လုပ်ငန်းများ တိုးတက်စေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် MSME ကုန်ထုတ်လုပ်ငန်းရှင်များက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင် ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများအတွက် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာ များရရှိရေး၊ ဥပဒေအရ အကာအကွယ်ရရှိရေးနှင့် အရင်းအနှီးများ ရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းအတွက် မြေနေရာနှင့် အဆောက်အဦလိုအပ်လျက် ရှိမှု၊ မျှစ်ခြောက်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ ပြည်ပသို့တင်ပို့လျက်ရှိမှုနှင့် ပိုမိုတင်ပို့နိုင်ရေးအတွက် ဝါးစိုက်ခင်းများ စိုက်ပျိုးနိုင်ရေး မြေလိုအပ်ချက်ရှိမှု၊ ရဲယို ထွက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြည်ပနိုင်ငံသို့တင်ပို့လျက်ရှိမှုနှင့် ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်မှကူညီမှုများလိုအပ်လျက် ရှိမှု၊ လုပ်ငန်းများလည်ပတ်ရန်အတွက်လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးစေလိုမှု၊ MSME လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန် များဈေးကွက်သို့ ဖြန့်ဖြူးရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိမှု၊ ကုန်ကြမ်းဈေးနှုန်း များမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်လာမှုကြောင့် ကုန်ထုတ် လုပ်မှုများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေနေရာ၊ ရင်းနှီးမတည်ငွေ၊ နည်းပညာနှင့် စက်ယန္တရားများနှင့် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိမှု၊ ကိုဗစ် ကာလအတွင်း ချေးငွေရယူထားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရမည့်ကာလအား တိုးမြှင့်သတ်မှတ်ပေးစေ လိုမှု၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခွင့်နှင့် ရုံး အဆောက်ဦ ဆောက်လုပ်ရန် မြေနေရာလိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်ကိရိယာများလိုအပ်လျက်ရှိမှုအခြေအနေများကို အသီးသီးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေး
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မတည်ငွေများကို သက်သာသော အတိုးနှုန်းများဖြင့် ထုတ်ချေးပေးနိုင်ရေး စီမံလျက်ရှိ ကြောင်း၊ MSME အသင်းနှင့် နေပြည်တော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းအတွက် ရုံးအဆောက်အဦမြေနေရာရရှိရေး သင့်လျော်သည့်နေရာတွင် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မြေအသုံးပြုမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ စိုက်ပျိုး မြေများလျော့ကျမှု မရှိစေရေးအတွက် လယ်ယာမြေများပေါ်တွင် အခြားနည်းဖြင့် သုံးစွဲခြင်းများကို ခွင့်ပြုပေးခြင်းမရှိကြောင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် မြေများကိုသာ အခြားနည်းဖြင့် စိစစ်၍အသုံးပြုခွင့်ပေးခြင်းဖြစ်ကြောင်း၊ ပျဉ်းမနား ဒေသသည် ဝါးများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ဝါးထွက်ကုန်ထုတ်လုပ်ခြင်း များကိုဆောင်ရွက်ကြကြောင်း၊ သို့သော် ယခုနောက်ပိုင်းတွင် ထုတ်ယူသုံးစွဲမှုများပြား ခြင်းကြောင့် ဝါးတောများပြုန်းတီးလာသဖြင့် ဝါးတောများပြန်လည်စိုက်ပျိုးထိန်းသိမ်း ကြရန်လိုကြောင်း၊ ဝါးကိုစားသောက်ကုန်များအတွက်သာ သုံးစွဲခြင်းထက် ပျော့ဖတ် စက္ကူများ ထုတ်လုပ်ခြင်းနှင့် အခြားလူသုံးကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ထုတ်လုပ် နိုင်မည်ဆိုပါက ဒေသအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အခွန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်မှကောက်ခံသော အခွန်နှုန်းထားသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်လျော်သည့် နှုန်းထားဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အခွန်ဝန်ကို ကျေပွန်စွာထမ်းဆောင်ပေးရန်လိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိမှု၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အသေးစား၊ အငယ်စားနှင့် အလတ် စား(MSME)စီးပွားရေးလုပ်ငန်းများကိုသာမက စက်မှုဇုံများကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိမှု၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး ဆောင်ရွက် ပေးထားလျက်ရှိသဖြင့် အခြားဒေသမများထက် ကုန်စည်စီးဆင်းမှုများကို ပိုမိုလျှင်မြန် စွာဆောင်ရွက်နိုင်မှု၊ စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာ စွာဖြင့်ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးလျက်ရှိမှု၊ ကိုဗစ် - ၁၉ ချေးငွေများကိုလည်း ပြန်ဆပ်ကာလသက်တမ်း တိုးမြှင့်ပေးခဲ့မှု၊ ဝါးစိုက်ခင်းများ ပြုလုပ်ရန်နှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာနှင့် မြေနေရာရရှိရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများ စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ပါက ပိုမိုအကျိုးဖြစ်ထွန်းနိုင်မှု နှင့် လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လိုအပ်သည့် နည်း ပညာနှင့် အခြားအခက်အခဲများကို ဖြည့်ဆည်းပေးလျက်ရှိမှု၊ ကျေးရွာနေ ပြည်သူ လူထုဝင်ငွေတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမ အသင်းများ အစုအဖွဲ့များဖွဲ့၍လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိမှုနှင့် စိုက်ပျိုး မွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိမှု၊ နိုင်ငံတကာတွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီအားပေးဆောင်ရွက်နေမှု၊ မြန်မာ့ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများ၌ ပြသနိုင်ရေး၊ ကုန်ကြမ်း ရရှိရေးနှင့် ဈေးကွက်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဆွေးနွေး ပြောကြား ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက MSME လုပ်ငန်းများ အပါအဝင် အခြားကဏ္ဍများအလိုက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု ပြန်လည်ပေးဆပ်မှုနှင့် ပေးဆပ်ရန်ကျန်ရှိသည့် အခြေအနေများ၊ ချေးငွေပြန်ဆပ် ကာလများ တိုးမြှင့်ပေးရန်နှင့် ဆက်လက်ထုတ်ချေးပေးရန်အတွက် စည်းမျဉ်း စည်းကမ်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် နေပြည်တော် ကောင်စီမှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားသည်။
နိုင်ငံ၏ လိုအပ်ချက်အရ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရပြီး အခက်အခဲများကြားမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံ၏လိုအပ်ချက်အရ မိမိတို့အနေဖြင့် နိုင်ငံတော် တာဝန်ကိုထမ်းဆောင်ခဲ့ရပြီး ထိုသို့တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ် ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုများ ကြောင့် နိုင်ငံရေးဆူပူမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အထူးသဖြင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုများရှိခဲ့ပြီး မိမိတို့နိုင်ငံတွင် သာမက အခြားကမ္ဘာ့ နိုင်ငံများတွင်လည်း စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့ နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုမှာ အချက်အလက်များအရ ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှ စတင်၍ စီးပွားရေးကျဆင်းမှုများစတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ စီးပွားရေးကျဆင်းခဲ့ခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်ခြင်းများကို အားပေးခြင်းများမရှိခဲ့ခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရ ကြောင်း၊ ပြည်ပမှတင်သွင်းမှုများများပြားခဲ့ခြင်းကြောင့် နိုင်ငံ၏ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သည်ကို မှတ်တမ်းများအရသိရှိရကြောင်း၊ ပထမဒီမိုကရေစီအစိုးရ သက်တမ်းနှင့် ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများပြခဲ့ကြောင်း၊ အဆိုပါလိုငွေများကို ပြည်ပ ချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့်ဖြေရှင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ကုန်သွယ်မှုလိုငွေများ နည်းပါးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာ မည်ဖြစ် ကြောင်း။
မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ကုန်သွယ်မှုကိုသာမက ရင်းနှီးမြှုပ်နှံ မှုများကိုပါ ဆောင်ရွက်ရကြောင်း၊ ဖွံ့ဖြိုးရေးနှင့်ဆိုင်သော ချေးငွေများသာမက ပြည်ပချေးငွေများအားလုံးကို နိုင်ငံတော်မှပြန်လည်ပေးဆပ်ရပြီး မိမိတို့အနေဖြင့် ယခင်ကာလများကရှိခဲ့သည့် ပြည်ပကြွေးမြီများကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ် လျက်ရှိကြောင်း၊ ထိုကဲ့သို့သော ပြည်ပချေးငွေများရယူပြီး နိုင်ငံစီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်မှုများမရှိခြင်းကြောင့် အချို့နိုင်ငံများအနေဖြင့်လည်း စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်လျက်ရှိ ကြောင်း။
မိမိတို့အနေဖြင့်တာဝန်ယူဆောင်ရွက်နေချိန်ကာလအတွင်း ပြည်ပကြွေးမီများ နည်းပါးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ် ကြောင်း၊ မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူရောင်းချရာတွင် အချို့သော နေရာများ၌ တရားမဝင်ရောင်းဝယ်မှုများကြောင့် နိုင်ငံတော်အတွက် များစွာထိခိုက် နစ်နာစေကြောင်း၊ သဘာဝပစ္စည်းများကို ထုတ်ယူရောင်းချမှုမှာ နောင်တစ်ချိန်တွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးအတွက် အခြေခံအကျဆုံးစီးပွားရေး လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများထုတ်လုပ်နိုင်ရေး အလေးထား အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး
နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး ရန်ကုန်မြို့သည် စီးပွားရေး မြို့တော်နှင့် မြို့တော်ဟောင်းအဖြစ် ပြောနိုင်ကြောင်း၊ နေပြည်တော်ကို စတင်ဖွင့်လှစ် ခဲ့သည်မှာ ၁၆ နှစ်ခန့်ရှိပြီဖြစ်ကာ မြို့တော်အား စတင်အကောင်အထည်ဖော် တည်ဆောက်ချိန်တွင် အခက်အခဲများရှိခဲ့ကြောင်း၊ စတင်တည်ဆောက်ချိန်မှစ၍ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး စိုက်ပျိုးမွေးမြူရေးဇုန်များ၊ စက်မှုဇုန်နေရာများ သတ်မှတ်ဆောင်ရွက် ပေးခဲ့ကြောင်း၊ အချို့မြို့များရှိ စက်မှုဇုန်များနှင့် စိုက်ပျိုးမွေးမြူရေးဇုန်များတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်မကိုက်ညီသည့် လူနေအိမ်များ တည်ဆောက် ထားသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့သော ဆောင်ရွက်မှုများကြောင့် စီးပွားရေး တိုးတက် မှုအတွက် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်းကို အခက်အခဲ ဖြစ်ပေါ်စေ ကြောင်း၊ မိမိတို့ အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နေပြည်တော်ဒေသမှ ထွက်ရှိ သည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ခြင်းဖြင့် များစွာ အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါစိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်အောင် ဆောင်ရွက်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်နှင့် သဘာဝသယံဇာတများကို အကျိုးရှိစွာ အသုံးချ၍ ကုန်ထုတ်လုပ်မှုတိုးမြှင့်အောင်ဆောင်ရွက်
MSME လုပ်ငန်းတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်း များရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ ရောင်းဝယ်မှုကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြှင့်ရခြင်းမှာ ထုတ်လုပ်မှုကုန်ကျ စရိတ်များခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားမမျှတခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် နိုင်ငံ၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်စေနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က ဆန်စပါးရှားပါးမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် နိုင်ငံရေးဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်ကို သမိုင်းတွင်တွေ့မြင်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ထုတ်ကုန်ပစ္စည်းများလုံလောက်စွာရှိရန်လိုအပ်သဖြင့် ကုန်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ဆန်၊ စပါး များပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း၊ မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ များကို စိုက်ပျိုးကြပြီး သီးထပ်သီးညှပ်များ စိုက်ပျိုးလျက်ရှိသကဲ့သို့ အချို့သော စိုက်ပျိုးမြေများတွင် စိုက်ပျိုးမှုများမရှိသည်ကို တွေ့ရှိရကြောင်း၊ သီးနှံများ စိုက်ပျိုး ရာတွင် သီးထပ်များစိုက်ပျိုးနိုင်မည်ဆိုပါက စိုက်ပျိုးရေးထွက်ကုန်များ ယခုထက် ပိုမို တိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပနိုင်ငံများသို့ပါ ပိုမိုတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးမြေများကို အကျိုးရှိရှိအသုံးချ၍ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးရန်လိုကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါ က MSME လုပ်ငန်းများအတွက်လိုအပ်သည့် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း။
ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်ရန်နှင့် ထုပ်ပိုးမှုများကို အဆင့်မီစွာဆောင်ရွက်နိုင်မည်ဆိုပါ က ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ် ကြောင်း၊ ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးချ၍ ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်ရှိသည့် လူသုံး ကုန်ပစ္စည်းများကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်မည်ဆိုပါက ပြည်ပမှ တင်သွင်း မှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုသာမက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိရစ္ဆာန်အစာများလည်း လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်မွေးမြူ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ပါက ပြည်ပဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ အသားထုတ်လုပ်မှုလုပ်ငန်းနှင့် ထွက်ရှိသည့် သားရေများဖြင့် သားရေထည် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ နေပြည်တော် နယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလို ကြောင်း။
မြေပေါ်သယံဇာတဖြစ်သည့် သစ်တောထွက်ပစ္စည်းများကိုလည်း အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ အဆိုပါသယံဇာတပစ္စည်းများမှ ဝင်ငွေများစွာရှာနိုင်ကြောင်း၊ ဝါးနှင့်ပတ်သက်၍လည်း အချို့နိုင်ငံများတွင် ဝါးကိုနည်းပညာများအသုံးပြု၍ တန်ဖိုး မြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်ကြ ကြောင်း၊ ရှိပြီးသားဖြစ်သည့် ဝါးတောများကို ထိန်းသိမ်းကြရန်လိုပြီး ထပ်မံတိုးချဲ့ စိုက်ပျိုးကြရန်လိုကြောင်း၊ ဝါးနှင့် သစ်များစိုက်ပျိုးရန်အတွက်လည်း မြေများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ရန်လိုကြောင်း။
အဓိက သွင်းအားစုများ လုံလောက်မှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်း
စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်အတွက် သွင်းအား စုများဖြစ်သည့် ကုန်ကြမ်း၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ စက်မောင်းဆီ၊ ပိုးသတ်ဆေး များနှင့် မြေဩဇာများလိုအပ်ကြောင်း၊ အချို့သောသွင်းအားစုများကို ပြည်ပမှဝယ်ယူရ ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝမြေဩဇာများကိုလည်း သုံးစွဲကြရန်လိုကြောင်း၊ စက်ရုံ အလုပ်ရုံများ လည်ပတ်ရန်အတွက် လျှပ်စစ်ဓာတ်အား များ ရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်မှလည်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရေအသုံးပြုရာတွင် အဟောသိကံမဖြစ်စေဘဲ အကျိုးရှိစွာဖြင့် အသုံးပြုကြစေ လိုကြောင်း၊ တစ်ကိုယ်ရည်အသုံးပြုမှုကိုသာမက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၌ အသုံးပြုရာတွင်လည်း အကျိုးရှိစွာအသုံးပြုရန်လိုကြောင်း၊ ရေနှင့်မြေကို အကျိုးရှိစွာ အသုံးပြုမည်ဆိုပါက အောင်မြင်မှုများ မလွဲမသွေရရှိစေမည်ဖြစ်ကြောင်း။
ရင်းနှီးမြှုပ်နှံငွေနှင့်ပတ်သက်၍ ကိုဗစ် - ၁၉ ကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံ့စီးပွား ပြန်လည်မြှင့်တင်ရေးအတွက် ရင်းနှီးမတည်ငွေများထုတ်ချေးပေးခဲ့သကဲ့သို့ လုပ်ငန်း ရှင်များကိုယ်တိုင်အနေဖြင့်လည်း လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြိုးပမ်းဆောင် ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရန်ရှိသည့် ချေးငွေများ ကိုလည်း ပြန်လည်ပေးဆပ်ကြရန်လိုကြောင်း၊ ကိုဗစ် - ၁၉ ချေးငွေများကိုလည်း ပြန်လည်ပေးဆပ်ရမည့်ကာလကို သတ်မှတ်ကာလတစ်ခုအထိ တိုးမြှင့်သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မြှုပ်နှံငွေများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပြီး နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုအားကောင်းရန်လို ကြောင်း။
နိုင်ငံ့အနာဂတ်ဖြစ်သည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး အစိုးရနှင့် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းအားပေးရမည်
လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ အခြေခံလူသားအရင်းအမြစ် များလိုအပ်သကဲ့သို့ နည်းပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလည်း လိုအပ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းသည်ကို သန်းခေါင်စာရင်းများအရ သိရှိရ ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ခရိုင်များအားလုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်တွင်လည်း Naypyitaw State Academy ကိုမကြာမီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်ရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရန်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်က စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း ကျောင်း တက်ရောက်မှု ရာခိုင်နှုန်းနည်းပါးခဲ့ကြောင်း၊ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များအလိုက် လုပ်ငန်းခွင်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးကြစေလိုကြောင်း၊ နေပြည် တော် နယ်မြေအတွင်း ပုဂ္ဂလိကပညာရေးကျောင်းများကိုလည်း ဖွင့်လှစ်ရန်အတွက် ခွင့်ပြုပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်းအားပေး ဆောင်ရွက် ကြရန်လိုကြောင်း။
နေပြည်တော်နယ်မြေအတွင်း ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ လည်ပတ် ရန်နေရာများစွာရှိကြောင်း၊ နောင်တွင်ဟိုတယ်လုပ်ငန်းများ များစွာဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ ခရီးသွားများကိုသယ်ယူပို့ဆောင်ရေးနှင့် ဒေသထွက်လက်ဆောင် များ ရောင်းချခြင်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း အားပေးဆောင်ရွက်ကြ ရန်နှင့် လိုအပ်သည်များကိုလည်း နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ရှိပြီးဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ အရေအတွက်ပမာဏ များစွာထုတ်လုပ်နိုင် မှသာ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်းသတင်းရရှိသည်။