ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော် နေ့ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုး များ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာ ပွားများကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူ သီလတည်ဆောက် ခြင်း၊ အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာများ၌ အပန်းဖြေခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘ ပြည်သူများက ဝါကျွတ်ကာလအခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော် ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော် ကြည်ညို ကုသိုလ်ယူခဲ့ကြသည်။ ၎င်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သက်ကြီး အဘိုးအဘွားများအား ပူဇော်ကန်တော့၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းများ၊ ဘုရားဖူးလာ မိဘပြည်သူ များအား စတုဒီသာကျွေးမွေးခြင်းများကိုလည်း မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်လာများနှင့် အညီ ပြုလုပ်ခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ လမ်းများပေါ်တွင်လည်း ဘုရားဖူးပြည်သူများ၊ အပန်းဖြေခရီးသွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပန်းခြံများ၊ အပန်းဖြေ ဥယျာဉ်များနှင့် ကမ်းခြေများ၌လည်း သီတင်းကျွတ်ရုံးပိတ်ရက်လာရောက် အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
အလားတူ ညပိုင်းတွင်လည်း နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌လည်း FIREWORK အမျိုးအစား မီးရှူးမီးပန်းများကို ဝါကျွတ်ကာလ အခါသမယအဖြစ် ပစ်ဖောက်ပူဇော် ခဲ့ရာ အများပြည်သူများအနေဖြင့် စိတ်ဝင်တစားလာရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများတပ်ဆင်ခြင်း၊ မီးရောင်စုံများ တပ်ဆင် ထားသည့် ပုံစံငယ်များဖြင့် မီးအလှများဆင်ယင်ထားသကဲ့သို့ နေပြည်တော်၊ ရေပန်း ဥယျာဉ်တွင်လည်း ရောင်စုံမီးများ တပ်ဆင်ထားပြီး လာရောက် အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌လည်း ဆီမီး ၅၀၀၀ ပူဇော်ထွန်းညှိခြင်းများကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ဥယျာဉ်၊ ပန်းခြံများနှင့် အများပြည်သူအပန်း ဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများ တပ်ဆင်ထားရှိကာ ပြည်သူများလာရောက် အနားယူအပန်းဖြေလျက် ရှိကြကြောင်း သတင်းရရှိသည်။