အမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ် အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ် သို့ စက်တင်ဘာ ၃၀ ရက်နေ့ ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ် ဆင်းသက်ခြင်းလုပ်ငန်းစဉ်များအတိုင်း လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းစဉ် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လူမဆန်စွာ ရက်စက်ရိုင်းစိုင်းယုတ်မာ စွာဖြင့် လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ KNPP နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် တည်ဆဲဉပဒေများအပေါ် မျက်ဝါးထင်ထင်ချိုးဖောက်ကျူးလွန် ခဲ့သော်လည်း ၎င်းတို့၏ ကျူးလွန်မှုများကို ဖုံးဖိနိုင်ရေး လူမှုကွန်ယက်စာမျက်နှာ များပေါ်တွင် ကြေညာချက်များထုတ်ပြန်၍ လိမ်လည်ဖုံးကွယ်မှုများ ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရသည်။ ယင်းသို့ လိမ်လည်ဖုံးကွယ်လျက်ရှိသော်လည်း KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်းများက ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမှုများအပေါ် တိုက်ရိုက် ခြိမ်းခြောက်သည့် ထုတ်ပြန်ချက် များကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားကြောင်းကိုလည်း အထောက်အထားများအရ တွေ့ရှိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၉ တွင် မည်သူမဆို လေယာဉ် ဝန်ဆောင်မှုပေးချိန်တွင် လေယာဉ်ပေါ်တွင် လေယာဉ်ဘေးကင်းလုံခြုံမှုကို အန္တရာယ် ဖြစ်စေရန် လေယာဉ်ပေါ်ရှိသူ တစ်ဦးဦးကို အတင်းအဓမ္မပြုလုပ်မှု၊ လေယာဉ်ကို ပျက်စီးစေရန်သော်လည်းကောင်း၊ လေယာဉ်ကိုပျံသန်းခြင်းမပြုနိုင်စေရန်သော် လည်းကောင်း၊ လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ်ဖြစ်စေရန်သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးနေသည့် လေယာဉ်ကိုပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ် လေယာဉ်ပျက်စီးစေနိုင်သည့် ပစ္စည်းကိရိယာ သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို လေယာဉ်ပေါ်၌ ချထားမှု သို့မဟုတ် ထားရှိစေမှု လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ် ဖြစ်စေရန် လေကြောင်းလမ်းညွှန်ဆိုင်ရာ အဆောက်အအုံစနစ်များနှင့် ဆက်သွယ် ရေးအသုံးအဆောင်ပစ္စည်းများကို ပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ် လေကြောင်းလမ်းညွှန် ဆောင်ရွက်မှုကို ဝင်ရောက်နှောင့်ယှက်မှု၊ လေယာဉ် ပျံသန်းမှု အား ဘေးအန္တရာယ်ဖြစ်စေရန် မမှန်ကန်သော သတင်းအချက်အလက်များကို သိလျက်နှင့် ဆက်သွယ်ပေးပို့မှုတို့ကို ကျူးလွန်လျှင် မြို့ပြလေကြောင်းပျံသန်းရေးကို ဘေးအန္တရာယ်ဖြစ်စေသည့် ပြစ်မှုမြောက်ကြောင်း ဖော်ပြပါရှိသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ အရ အထက်ဖော်ပြပါ ဥပဒေ ပုဒ်မ ၉ ပါ မြို့ပြလေကြောင်းပျံသန်းရေးအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပြစ်မှု တစ်စုံတစ်ခုကို ကျူးလွန်ပြုလုပ်မိပါက အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြ ပါရှိသည်။ ပုဒ်မ ၄၉ တွင် အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာ၌ သူတစ်ဦးဦးကို ဖြစ် စေ၊ အများကိုဖြစ်စေ သေစေလျှင် သို့မဟုတ် အပြင်းအထန်နာကြင်စေလျှင် ကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိသည်။ ထို့အပြင် နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော ရာဇသတ်ကြီးဥပဒေတွင်လည်း လူကိုသေစေခြင်း သို့မဟုတ် နာကျင်စေခြင်း၊ ပစ္စည်းကိုထိခိုက်နစ်နာစေခြင်း၊ ပျက်စီးစေ ခြင်း၊ ပျက်စီးခြင်းတို့အား ပြုလုပ်ပါက ကျူးလွန်မှုအပေါ်မူတည်၍ ထိရောက်ပြင်းထန်သော ပြစ်ဒဏ်သတ်မှတ်ချက်များ ပြဌာန်းပါရှိသည်။
ထို့ကြောင့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လေယာဉ် ဝန်ဆောင်မှုပေးနေချိန်တွင် ၎င်းတို့၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်၏ မျက်နှာအား ထိမှန်ဒဏ်ရာ ရရှိစေခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၉ နှင့် ပုဒ်မ ၄၉ ကို ကျူးလွန်ခြင်းသာမက ပုဒ်မ ၅၄ ကိုလည်း ကျူးလွန်ရာရောက်ကြောင်း တွေ့ရှိရ သည်။
ထို့ပြင် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ် မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များနှင့် အရပ်သားပြည်သူများ အား ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရလည်း စစ်ရာဇဝတ်မှု(War Crime) ကိုကျူးလွန် ခြင်းဖြစ်သည်။
ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ် (Four Geneva Convention) ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law Of Armed Conflict) သို့မဟုတ် အပြည် ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) တွင် မည်သည့်လက်နက်ကိုင် ပဋိပက္ခမျိုး (နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခ/နိုင်ငံတကာအရေးအခင်းမဟုတ်သော လက်နက်ကိုင်ပဋိပက္ခ) တွင် အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက် ခြင်းမပြုရန် ပြဌာန်းထားရှိသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ စည်းမျဉ်းများတွင်လည်း (နိုင်ငံတကာပဋိပက္ခ/ နိုင်ငံတကာမဟုတ်သော ပဋိပက္ခ) အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၁ အဖြစ် ပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့များသည် အရပ်သားများနှင့် တိုက်ပွဲ ဝင်စစ်သည်များအကြား အမြဲတစေခွဲခြားရမည်။ တိုက်ပွဲဝင်စစ်သည်များကိုသာ ဦးတည်တိုက်ခိုက်ရမည်။ အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်းမပြုရဟူ၍ လည်းကောင်း၊ စည်းမျဉ်း ၂ တွင် အရပ်သားလူထုအကြား အထိတ်တလန့်ဖြစ်စေရန် အဓိကရည်ရွယ်လုပ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများ အား တားမြစ်ကြောင်းဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ အရပ်ဘက်အဆောက် အအုံများနှင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၇ အဖြစ် ပဋိပက္ခတွင်ပါဝင်သော အဖွဲ့များသည် အရပ်ဘက်အဆောက်အအုံ များနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအကြား အမြဲတစေခွဲခြားရမည်၊ စစ်ရေး ဆိုင်ရာရည်မှန်းချက်ကိုသာလျှင် ဦးတည်တိုက်ခိုက်ရမည်၊ အရပ်ဘက်အဆောက် အအုံများကို ဦးတည်တိုက်ခိုက်ခြင်းမပြုရဟု ဖော်ပြထားပြီး စည်းမျဉ်း ၁၁ တွင်လည်း တိကျသော စစ်ရေးဆိုင်ရာ ရည်မှန်းချက်ကို ဦးတည်တိုက်ခိုက်ခြင်းမရှိ ခွဲခြားခြင်း မရှိဘဲ သိမ်းကျုံးတိုက်ခိုက်ခြင်း (Indiscriminate attacks)အား တားမြစ်ထားကြောင်း ဖော်ပြပါရှိသည်။
KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ အရပ်ဘက်ဆိုင်ရာ လေယာဉ်၊ ပစ္စည်းများနှင့် အရပ်သားများကို ထိခိုက်အောင် တိုက်ခိုက်ခြင်းသည် အထက်ပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဌာန်းချက်များ အရလည်းကောင်း၊ ရာဇသတ်ကြီးပါ ပြဌာန်းချက်များ အရလည်းကောင်း၊ ဂျီနီဗာ ကွန်ဗန်းရှင်း ၄ ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဉပဒေ (Law Of Armed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေ (International Humanitarian Law) အရလည်းကောင်း ကြီးလေးသော ပြစ်မှုများကို ချိုးဖောက်ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျူးလွန်ခဲ့ သူများကို နိုင်ငံတော်၏ တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူ နိုင်ရေး လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့