၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံး အကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။
အဆိုပါအသည်းအစားထိုးကုသမှုတွင် ဒေါ်ခင်သူဇာမျိုးနှင့် အသည်းအလှူရှင် ဖြစ်သည့် ဒေါ်ကေသီမြင့်တို့ကို ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို ယနေ့နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၂ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ် သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူ များက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ယခင်ပထမနေ့က ခွဲစိတ်ထားသော အသည်းအလှူရှင်လူနာနှင့် အသည်းအစားထိုး ခွဲစိတ်ကုသမှုခံယူသည့် လူနာ ၂ ဦး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက လိုအပ်သည့် ကြပ်မတ်ကုသမှုများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။