နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် တို့နှင့်အတူ (UWSP)မှ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ (NDAA)မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ (SSPP)မှ အတွင်း ရေးမှူး(၂) စဝ်ဆိုင်းဆု နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခေတ် အဆက်ဆက် အစိုးရများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်မှုရရှိစေရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ယခု ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးမှု များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်ဖြစ်ထိုက် သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု အကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုသည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် နှင့် အဖွဲ့ဝင်များ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားကြီးစွာဖြင့် နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာ ကမ်းလှမ်းခဲ့မှုအပေါ် ဝမ်းမြောက်ကြိုဆိုသည့် အခြေအနေများ၊ နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို စွဲမြဲစွာ ထိန်းသိမ်းလိုက်နာလျက်ရှိသည့် အခြေအနေများ၊ သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းစွာဖြင့်သာ ဆွေးနွေးဖြေရှင်းဆောင်ရွက်ရန် လိုလားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီ ချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိမှသာ လျင် ဒေသ၊ လူမျိုးမှ တစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများကို ဆောင်ရွက်နေခြင်းဖြစ်သည့် အခြေအနေများ၊ သမိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့အပေါ်တွင်သာ အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်အကောင် အထည်ဖော် သွားကြရမည်ဖြစ်သည့် အခြေအနေများနှင့် ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားတို့၏ အကျိုးကို ရှေးရှု၍ စိတ်ရှည်စွာဖြင့် ညီညီညွတ်ညွတ် ဆွေးနွေး ဆောင်ရွက်သွားကြမည် ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေး ပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ တက်ရောက် လာကြသည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များက လက်ခံရယူကြပြီး ဒေသထွက် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးဆွေးနွေး ပြောကြား ခဲ့ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။