နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တတိယနေ့ တွေ့ဆုံဆွေးနွေး  နေပြည်တော် စက်

Saturday, September 17, 2022 - 17:15

      နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း ယနေ့ နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးနှင့်ဖော်ဆောင်မှု ဗဟိုဌာန ဧည့်ခန်းမ၌တစ်ဖွဲ့ချင်းသီးခြားစီလက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ထပ်မံ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး၊ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ အထွေထွေ အတွင်းရေးမှူးချုပ် စောကျော်ညွန့်တို့ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထား များအား ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့်  သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်နှင့် စာအုပ်စာစောင်များ၊ MRTV DTH Receiver ၊ ၂ ပေစလောင်းနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။