(၅) ကြိမ်မြောက်မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက်

Thursday, September 15, 2022 - 16:15

          (၅) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အစည်း အဝေးအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ ၁၀၃၀ အချိန်တွင် မြန်မာနိုင်ငံမှ အလှည့်ကျ  အိမ်ရှင်အဖြစ်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင် က ယနေ့ တစ်ကမ္ဘာလုံးမှ လူသားမျိုးနွယ်အားလုံးအပေါ် အချိန်ကာလကြာမြင့်စွာ အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါးပြဿနာများကြောင့် ယခုအခါနိုင်ငံအသီးသီးတို့တွင် ကျန်းမာရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ နိုင်ငံတိုင်းကလည်း မူးယစ် ဆေးဝါးပြဿနာများကို ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊

          ခေတ်မီနည်းပညာများ တိုးတက်လာခြင်းက လူနေမှုဘဝအဆင့်အတန်းမြင့်မားလာစေရေး အတွက် ကောင်းကျိုးများရှိသလို တစ်ဖက်မှာလည်း မူးယစ်ဂိုဏ်းအဖွဲ့များက နည်းပညာတိုးတက်မှုကို အခွင့်ကောင်းယူအသုံးချပြီး မူးယစ်ဆေးဝါးနှင့် ပရီကာဆာဓာတုပစ္စည်းများကို ပုံစံအမျိုးမျိုးနဲ့ သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်လာကြောင်း၊

          မူးယစ်ဆေးဝါးပြဿနာများ ဖြေရှင်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုအသစ်များစွာ ဆက်လက် ကြုံတွေ့နေဆဲဖြစ်ကြောင်း၊ အရည်အသွေးကောင်းပြီး ‌ဈေးနှုန်းသက်သာသည့် လူလုပ်ဆေးဝါး သစ်များ (Synthetic Drugs) ထွက်ပေါ်နေခြင်းကြောင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုတွေကရရှိတဲ့ အကျိုးအမြတ်ငွေကြေးတွေဟာ အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက် မှောင်ခိုမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို အရှိန်မြင့်လာအောင် တွန်းအားပေးလျက်ရှိသဖြင့် နယ်စပ် ဒေသတည်ငြိမ်အေးချမ်းမှုတွေကို ထိခိုက်စေကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံအားလုံးမှ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုဟာ အဓိကအရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း၊

          မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များနှင့်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍကို အထူးအလေးထားပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊

          မူးယစ်ဆေးဝါးများအဖြစ်ထုတ်လုပ်ရာမှာ ပရီကာဆာဓာတုပစ္စည်းများသည် အဓိကမရှိမဖြစ် လိုအပ်သည့်အတွက် ပရီကာဆာဓာတုပစ္စည်းများကို နည်းလမ်းစနစ်တကျတားဆီးထိန်းချုပ်ရေး ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပရီကာဆာဓာတုပစ္စည်းများ မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာများသို့ နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်နေခြင်းကြောင့် လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်လာခြင်းကလည်း အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါကြောင်း၊

          မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများ (United Nation Drug Control Conventions) အရလည်းကောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရလည်းကောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်သတ်မှတ်ကာ ဓာတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးအတွက်လည်း အထူးအလေးထားဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Md. Abdul Wahhab Bhuiyan ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များမှ မူးယစ်ဆေးဝါးပြဿနာအား ရင်ဆိုင်ဖြေရှင်းရာ၌ ကြုံတွေ့နေရသည့် အတွေ့အကြုံ နှင့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ပူးတွဲကင်းလှည့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ (၆) ကြိမ်မြောက် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။