မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌနှင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတို့တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းဝေးတွင် ရွှေနှင့်ငွေကြေးဈေးကွက်တည်ငြိမ်ခိုင်မာစေရေးအတွက် သက်ဆိုင်ရာ ဌာနအသီးသီးက ဆက်လက်ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ရွှေတုံး၊ရွှေခဲ အရောင်းအဝယ်ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ဖြင့်သာပေးချေနိုင်ရန်အတွက် ဘဏ်များကပံ့ပိုး ပေးမည့်အစီအမံများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့က ရွှေနှင့်ငွေကြေးဈေးကွက်တည်ငြိမ်စေရေးအတွက် ဆက်လက် ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ရွှေလုပ်ငန်းရှင်များက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများစသည်တို့ကို ဆွေးနွေးပြောကြားပါသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသော ရွှေနှင့် ငွေကြေးဈေးကွက်စောင့် ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးတို့ကလည်းကောင်း၊ ဆပ်ကော်မတီ အသီးသီး၏ ဥက္ကဋ္ဌများဖြစ်ကြသော ဌာနဆိုင်ရာအသီးသီး၏ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများကလည်းကောင်း၊ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းပြီးစီးမှု အခြေ အနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအား ရှင်းလင်းဆွေးနွေးကြပြီး အစည်း အဝေးအား ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ် ၊ နေပြည်တော်
၁၄-၉-၂၀၂၂ ။