ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA) ရုံးချုပ် အဆောက်အဦ၏ ဆိုင်းဘုတ်များ၊ မှန်များအား မသမာသူအကြမ်းဖက်လူတစ်စုက အကြောင်းမဲ့လာရောက်ဖျက်ဆီး

Wednesday, March 31, 2021 - 13:00

နေပြည်တော်၊ မတ် - ၂

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ သမိုင်းဝင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA) ရုံးချုပ်အဆောက်အဦအား မသမာသူအကြမ်းဖက် လူတစ်စုက အကြောင်းမဲ့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ (YMBA) ရုံးချုပ်အဆောက်ဦရှေ့သို့ မတ်လ ၁ ရက် ည ၈ နာရီခန့်တွင် မသမာသူအကြမ်းဖက်လူတစ်စု အင်အား ၂၀ ဦးခန့် ရောက်ရှိလာပြီး ခြံဝန်းသံဘာဂျာတံခါး အား ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြောင်း၊ ချိုးဖျက်၍မရသဖြင့် အဆောက်အဦတွင် ကပ် ထားသည့် " ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) " ဆိုင်းဘုတ်ရွှေရောင်စာလုံးများကို ဝါးလုံးဖြင့် ထိုးခွာ ဖျက်ဆီးခဲ့ပြီး ပြတင်းပေါက်မှန်တံခါးများနှင့် အဲယားကွန် ၃ လုံးကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ ကြောင်းနှင့် အဆောက်အဦနံရံများပေါ်၌ ညစ်ညမ်းသောစကားလုံးများကို ဆေးအမည်းမှုတ်၍ ရေးသားခြင်း၊ နိုင်ငံတော်အလံလွှင့်ထူထားသော အလံတိုင်အား ဖျက်ဆီးရန် ကြိုးပမ်းခြင်း၊ သာသနာအလံစိုက်ထူထားသည်များကို ဖျက်ဆီးခြင်းစသည့် မင်းမဲ့စရိုက်ဆန်စွာ အကြောင်းမဲ့ဖျက်ဆီးခြင်းများ လုပ်ဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင်လည်း ဆူပူဆန္ဒပြသူအချို့သည် အဆောက် အဦရှေ့တွင် အကြောင်းမဲ့လာရောက်အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

YMBA အသင်းကြီးကို ၁၉၀၆ ခုနှစ်၊မေလ ၁၀ ရက်တွင် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံတော် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်း အရေးကြီးသည့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်မှု အခန်းကဏ္ဍတွင် ဦးဆောင်ရပ်တည်ခဲ့သည့် အသင်းကြီးဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည့် ကာလမှစတင်၍ လက်ရှိကာလအထိ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဟူသော ကဏ္ဍများတွင် တိုးတက်စည်ပင်ဝပြောစေရေးအတွက် ငြိမ်းချမ်းစွာ ဆောင်ရွက်လျက်ရှိသော အသင်းကြီးဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်မှုသည် သမိုင်းကြောင်းအရ တန်ဖိုးမြင့်မားလှသည့် အသင်းကြီးနှင့်အတူ နိုင်ငံတော်နှင့် အမျိုး၊ ဘာသာ၊ သာသနာအပေါ် ပျက်စီးစေလိုသောစိတ်ဖြင့် အကြမ်းဖက်မှု လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ပုဇွန်တောင်မြို့မရဲစခန်း၌ အမှုဖွင့်ထားရှိကြောင်း သတင်း ရရှိသည်။