နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက် နေပြည်တော် စက်တင်ဘာ - ၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးမှု များကို ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဒေါက်တာ ကံဇော် တို့သည် Russia -ASEAN Business Dialogue သို့ တက်ရောက် ခဲ့သည်။ အဆိုပါ Business Dialogue၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ပြည်နယ်များပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင် အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov က ဦးဆောင်ဆွေးနွေး၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပါဝင်ဆွေးနွေးခဲ့သည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်း ရှင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက လည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော် ဦးလှမိုး၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပြည်နယ်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင် အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့ အား သီးခြားတွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက့် အကြောင်း အရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် Eastern Economic Forum-2022 ၏ Medical Panel Session တွင် ပါဝင် တက်ရောက်၍ ကျန်းမာရေးစနစ်တွင် တွေ့ကြုံရသော အခက်အခဲများ၊ ထိုအခက်အခဲများ ကျော်ဖြတ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများ၊ တိုးတက်လာသော နည်းပညာများကိုသုံး၍ ရောဂါရှာဖွေရေး၊ ကင်ဆာရောဂါများ ကုသရေး၊ ကူးစက်မြန်ရောဂါများ ထိန်းချုပ် ရေးနှင့် အဆိုပါ နည်းပညာများ ဖွံ့ဖြိုးဆဲနိုင်ငံများကို မျှဝေနိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် Eastern Economic Forum-2022 ၏ Strategic Technical Alliance တွင် ပါဝင် တက်ရောက်ခဲ့ပြီး ကိုဗစ် - ၁၉ အလွန်ကာလ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Sputnik news agency နှင့် မြဝတီ ရုပ်မြင်သံကြား တို့အကြား နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မီဒီယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။