ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာအတွင်းသို့ ဩဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက်သမားများက သေနတ်များပစ်ဖောက် ဝင်ရောက်လာပြီး ၎င်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ခန့်မှန်းကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား လုယက် ယူဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ မြို့မရပ်ကွက်ရှိ ရွှေဂွန်း-လက်ပံတန်းကူးတို့ဆိပ်သို့ စက်လှေ ၂ စီး ဆိုက်ကပ်လာပြီး ၎င်းစက်လှေ ၂ စီးပေါ်မှ အကြမ်းဖက်သမား ၈ ဦးဆင်းလာကာ တစ်ဦးမှ ကူးတို့ဆိပ်တွင် စောင့်နေခဲ့ပြီး ကျန် ၇ ဦးမှ မြို့မရပ်ကွက်အတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်၍ ကူးတို့ဆိပ်အနီးတွင် ဖွင့်လှစ်ထားသည့် ဦးအောင်သန်းထွန်း (၄၄)နှစ် (ဘ) ဦးထွန်းထွန်း ပိုင်ဆိုင်သည့် “သရဖူ”အာမခံရတနာရွှေဆိုင်မှ ရောင်းချမည့်ရွှေထည်ပစ္စည်းများ ခင်းကျင်း ပြသထားသည့် မှန်ကောင်တာ ၂ ခုနှင့် ဦးဝေသန့်ဇင် (၅၁)နှစ်၊ (ဘ) ဦးသိန်းလွင် ပိုင်ဆိုင်သည့် “ထွန်း”ရတနာရွှေဆိုင်မှ မှန်ကောင်တာ ၃ ခုတို့အား အကြမ်းဖက်သမားများက သေနတ်ဒင်များဖြင့် ရိုက်ခွဲဖျက်ဆီးကာ “သရဖူ”အာမခံရတနာရွှေဆိုင်မှ ရွှေလက်စွပ် ၁၀၀ ကွင်း၊ ရွှေလက်ကောက် ၂၀ ကွင်း၊ ရွှေဆံညှပ် ၄ ခု ခန့်မှန်းတန်ဖိုးငွေသိန်း ၆၀၀ ခန့်နှင့် “ထွန်း” ရတနာရွှေဆိုင်မှ ရွှေနားကပ် ၁၀ ရံ ခန့်မှန်းတန်ဖိုးငွေသိန်း ၂၀ ခန့်၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်း ၆၂၀ ခန့်အား လုယက် ယူဆောင်ကာ လက်ပံတန်းကျေးရွာဘက်သို့ စက်လှေဖြင့်ပြန်လည်ထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ ကျေးရွာအတွင်းသေနတ်ပစ်ဖောက်ဝင်ရောက်ကာ လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။