နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိလာသည့် သဘောတူညီချက် များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်၊ တပ်ပေါင်းစု နိုင်ငံရေးစာအုပ်၊ MRTV DTH Receiver ၊ ၂ ပေစလောင်းနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။