နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး နေပြည်တော် ဩဂုတ် ၃၀

Tuesday, August 30, 2022 - 15:00

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၃၀

                  နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။ 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပါဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက်ရှင်းလင်းတင်ပြပြီး (၉)ကြိမ်မြောက် JICM ဆုံးဖြတ် ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ(ဇယား၂)ကို ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ၎င်းတို့၏ ဆန္ဒသဘောထားများနှင့် လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားလိုက်သည်။

ဒုတိယနေ့ ဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။