မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ International  Army  Games-2022 ပြိုင်ပွဲ၏ Tank  Biathlon (Tank  Crews Competition) Division-2 ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် ၁၁ နိုင်ငံ ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိ နေပြည်တော်၊ ဩဂုတ် - ၂၁

Sunday, August 21, 2022 - 16:30

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ International  Army  Games-2022 ပြိုင်ပွဲ၏ Tank  Biathlon (Tank  Crews Competition) Division-2 ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် ၁၁ နိုင်ငံ ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိ

နေပြည်တော်၊ ဩဂုတ် - ၂၁

          ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက် ရှိသည့် International  Army  Games-2022 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကား မောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank  Biathlon (Tank  Crews Competition) Division-2 ၌ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့သည်။

          မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် Tank  Biathlon (Tank  Crews Competition) Division-2 ၌ ဆီးဒီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက်တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေးနီးယားနှင့် မာလီ  နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ရပ်လျက်ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ် ပစ်စက်သေနတ် ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ  ယှဉ်တွဲ စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့အား ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ တပ်မတော်တင့်တပ်ဖွဲ့ Crew - 1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့် ဖြင့် လည်းကောင်း၊ Crew -2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့် လည်း ကောင်း၊ Crew – 3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့် လည်းကောင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့် ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခု တွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။

          မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International  Army  Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank  Biathlon  ကို ယခုနှစ် အပါအဝင် (၅)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂၀၁၉ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅ ၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄ ၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်း အနက် တတိယအဆင့် စသဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာစစ်ဘက်အဖွဲ့ အစည်းများ၏ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံ များနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

          ထို့ပြင် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများ အားကစားပြိုင်ပွဲ  ( 3 rd  CISM World Cadet Games) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ဗိုလ်လောင်း များက ပြိုင်ပွဲအမျိုးအစား  ၇ မျိုး ရှိသည့်အနက် ၃ မျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ ရှိသည့်အနက် နိုင်ငံအလိုက် အဆင့်   ၈ နေရာ ရရှိခဲ့သည်။

          ၎င်းအပြင် မြန်မာ့တပ်မတော်အနေဖြင့် International  Army  Games-2022 ပြိုင်ပွဲများဖြစ်သော ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Military  Medical Relay Race (Medical Staff Competition)) ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Sinper Frontier) များတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သော Army of Culture တွင်လည်း မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှု အဖွဲ့များက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။