​​​​​​​ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း (၁၃-၈-၂၀၂၂)ရက်နေ့

Saturday, August 13, 2022 - 16:30

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာ သူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ် ပြန်ပေးလျက် ရှိပါသည်။

၂။       ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာ

များအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၂)ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာန (Department of Medical Research) တွင် (၁-၈-၂၀၂၂)ရက်နေ့မှစတင်၍ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇ ပြောင်းရောဂါပိုး BA.2.75 ကို ဓာတ်ခွဲနမူနာ (၂) ခုတွင်လည်းကောင်း၊ BA.2.76 ကို ဓာတ်ခွဲနမူနာ (၁) ခုတွင်လည်းကောင်း BA.4 ကို ဓာတ်ခွဲနမူနာ (၁)ခုတွင်လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ (၂၈) ခုတွင်လည်းကောင်း တွေ့ရှိရပါသည်။

၃။      Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2.75 တွေ့ရှိရသူ (၂) ဦး၊ BA.4 (၁) ဦးနှင့် BA.5 တွေ့ရှိရသူ (၂၂) ဦး၊ စုစုပေါင်း (၂၅) ဦးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူများ ဖြစ်ပြီး ကျန် BA.2.76 တွေ့ရှိရသူ (၁)ဦး၊ BA.5 တွေ့ရှိရသူ(၆)ဦး၊ စုစုပေါင်း(၇)ဦး တို့သည် ပြည်တွင်း ကူးစက်မှုများမှ တွေ့ရှိရခြင်းဖြစ်ပါသည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိပါသည်။

၄။      နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန် မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။

၅။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

 

 

ကျန်းမာရေးဝန်ကြီးဌာန

၁၃-၈-၂၀၂၂