အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ နေပြည်တော်၊ ဩဂုတ် ၃

Wednesday, August 3, 2022 - 16:30

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဩဂုတ် ၃

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာနေ အောင်ထွန်းလေးသည် ၎င်းအသုံးပြုသည့် “Aung Htun Lay” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်နေ သန်းဇော်ဝင်း သည် ၎င်းအသုံးပြုသည့် “Than Zaw Win” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်နေ သက်ဝေထွန်းသည် ၎င်းအသုံးပြုသည့် “Thet Wai Htun” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျွန်းခင်းကြီး ကျေးရွာနေ အေးမြင့်ကြည်သည် ၎င်းအသုံးပြုသည့် “Aye Myint Kyi” Facebook အကောင့်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ဟန်သော်စစ်သည် ၎င်းအသုံးပြုသည့် “Han Thaw Sit” Facebook အကောင့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်နေ သီတာသည် ၎င်းအသုံးပြုသည့် “Ma Thidar” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။