ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ မြို့တော်ခန်းမအား အကြမ်းဖက်သမား များက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်
နေပြည်တော်၊ ဇူလိုင် - ၃၀
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်နှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင် အဆောက်အဦများ၊ အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ စည်ပင်လမ်းရှိ မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်သို့ အကြမ်းဖက်သမား အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဖြစ်စဉ်တွင်ပါဝင်ပတ်သက်ခဲ့သည့် အကြမ်းဖက်သမားများ အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။