၂ဝ၁၉-၂ဝ၂၀ ပညာသင် နှစ် နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော တပ်မတော်(ကြည်း၊ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏သား၊ သမီးများနှင့် ဘက်စုံပညာထူးချွန် လူငယ်များသည် မိဘအုပ်ထိန်းသူများနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် မွန်းလွဲပိုင်းတွင် တပ်မတော်စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော်(ကြည်း)ပြခန်းများနှင့် ပြင်ပပြကွက်များ ဖြစ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ တိုက်ခိုက်ရေးယာဉ်များ၊ စစ်ရေယာဉ် များနှင့် လေယာဉ်များကို သွားရောက် လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန် ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
ထို့နောက် နိုင်ငံအတွက် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ် စွန့်စား ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသော အထိမ်းအမှတ်ဗိမာန်တစ်ခုဖြစ်သည့် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွား ရောက် ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိသည်။