နိုင်ငံရေးအရရေးသားထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏တုံ့ပြန်ချက်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ၂၀၂၁ ခုနှစ် အစီရင်ခံစာကို ၁၁-၇-၂၀၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တံခါးဖွင့်အစည်းအဝေးကို ၁၉-၇-၂၀၂၂ ရက်၌ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံကို ယင်းအစီရင်ခံစာ၏နောက်ဆက်တွဲစာရင်းမှ ၂၀၂၀ ပြည့်နှစ်တွင် ပယ်ဖျက်ခဲ့ပြီး ဖြစ်သော်လည်း ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်မှုများကိုအခြေခံ၍ တပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် ၂၀၂၁ ခုနှစ်မှစတင်၍ ပြန်လည်စာရင်းသွင်းခဲ့သည်ကို စိတ်ပျက်ရသည်။ ယခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကို ထည့်သွင်းဖော်ပြထားပြီး သံသယဖြစ်ဖွယ် ကိန်းဂဏန်း အမြောက်အမြားပါဝင်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကုသလမဂ္ဂ စောင့်ကြည့်လေ့လာ အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့ (UNCTFMR) တို့သည် ၎င်းတို့၏တာဝန်များကို ပွင့်လင်းမြင်သာစွာနှင့် ဘက်လိုက်မှုမရှိဘဲ ထမ်းဆောင်ရမည်ဖြစ်သော်လည်း ယင်းအစီရင်ခံစာပါ ကိန်းဂဏန်းများနှင့် စွပ်စွဲ ချက်များကို မြန်မာနိုင်ငံနှင့် စိစစ်ရန် ပျက်ကွက်ခဲ့သည်။
အဆိုပါအစီရင်ခံစာတွင် မည်သည့်ဖြစ်စဉ်ကိုမျှ ဖော်ပြထားခြင်းမရှိဘဲ ကိန်းဂဏန်းများ သက်သက်သာပါဝင်ပြီး NUG နှင့် PDFs အမည်ခံအဖွဲ့များက ကျူးလွန်သည့် လူသတ်မှု အမြောက် အမြားကို လျှော့ပေါ့ဖော်ပြကာ တာဝန်ရှိသည့်အကြမ်းဖက်သမားများကို “အမည်မဖော်နိုင်သော ကျူးလွန်သူများ”ဟု သုံးနှုန်းထားသည်။ NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတဝန်းတွင် ကလေးသူငယ် (၇၆) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဆေးရုံနှင့်ဆေးခန်း (၂၇) ခု၊ ကျောင်းနှင့် ပညာရေး အဆောက်အဦ (၅၀၄) ခု ဖျက်ဆီးခံခဲ့ရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အစိုးရအနေဖြင့် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးရေးကို သန္နိဌာန်ချမှတ်ထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီး ကာကွယ်ရေး ကော်မတီ၏ လုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ဒုတိယ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို အပြီးသတ်ရေးဆွဲ လျက်ရှိပြီး ပထမ လုပ်ငန်းစီမံချက်ကို (၁၀.၈.၂၀၂၀) ရက်နေ့မှ (၁၀.၈.၂၀၂၁) ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
ထို့အပြင်မြန်မာနိုင်ငံသည် ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းနှင့် အသုံးပြုခြင်းမှ တားဆီးရေးရည်ရွယ်လျက် UNCTFMR နှင့် ပူးတွဲလုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဉီးဆောင်၍ အရွယ် မရောက်သူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ၂၀၁၁ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ စောင့်ကြည့်လေ့လာအစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လေ့ရှိခဲ့သည်။ ကော်မတီသည် UNCTFMR နှင့် ပူးပေါင်း ဆောင်ရွက်မှုကို အစဉ်အလာမပြတ် ထိန်းသိမ်းခဲ့သော်လည်း လုပ်ငန်း အဖွဲ့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သည်ကိုတွေ့ရှိရသည်။ သို့ရာတွင် ကော်မတီသည် ၃-၅-၂၀၂၂ ရက်တွင် UNCTFMR နှင့် အစည်းအဝေးတစ်ရပ် ကျင်းပရေးကို ဖြစ်မြောက်ရန် ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ အထောက်အကူပြုမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကိုဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အသက် စိစစ် ရန် စာရွက်စာတမ်း မပြည့်စုံခြင်းကြောင့် တပ်မတော်တွင်း မှားယွင်းစုဆောင်းခဲ့သည့် အရွယ် မရောက်သေးသူ ၂၈ ဉီးအား ၁၃-၅-၂၀၂၂ ရက်တွင် မိဘ/အုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံ ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ မေလအတွင်း အရွယ်မရောက်သေးသူ ၁၀၅၇ ဉီးကို တပ်မတော်မှ နုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦး (အရာရှိ ၁၀၉ ဉီးနှင့် အခြားအဆင့် ၃၆၆ ဉီး) ကို အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။ အစီရင်ခံစာ သည် ယင်းဖြစ်စဉ်အမှန်များကို ဖော်ပြရန်ပျက်ကွက်သည်။
ထို့အပြင်ရာထူးမှထုတ်ပယ်ခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံထား ရသူ ကျော်မိုးထွန်းသည်အထက်ပါအစည်းအဝေးသို့တက်ရောက်၍ အထင်အမြင်မှားစေသော မိန့်ခွန်း ပြောကြားခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်း၏ပါဝင်ဆွေးနွေးမှုအပေါ် ကန့်ကွက်ကြောင်း ကုလသမဂ္ဂ ဘက်သို့ အကြောင်းကြားပြီးဖြစ်ကာ နိုင်ငံကိုကိုယ်စားမပြုသော ၎င်း၏မိန့်ခွန်းကို ပယ်ချ သည်။
ကုလသမဂ္ဂ၏ ယင်းသို့ဆောင်ရွက်ချက်များသည် အပြုသဘောရလဒ်မဖြစ်ပေါ်စေဘဲ ကုလ သမဂ္ဂ၏ မူဝါဒများနှင့်ဆန့်ကျင်သော နိုင်ငံရေးသွတ်သွင်းမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံက အစီရင်ခံစာတွင်ပါဝင်သော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် နိုင်ငံအချို့ တစ်ဖက်သတ် ပြောကြားချက်များကို ပြတ်သားစွာပယ်ချသည်။
လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ်
ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး ကော်မတီ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်