(၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (22nd SOMTC) ကို မြန်မာကိုယ်စားလှယ်အဖွဲ့ Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့သည့်သတင်း နေပြည်တော်၊ ဇူလိုင် ၁၉

Tuesday, July 19, 2022 - 15:30

              အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်၏ (၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (22nd ASEAN Senior Officials Meeting on Transnational Crime – 22nd SOMTC) ကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်အဆင့်များ ဦးဆောင်၍ အရာရှိကြီးအဆင့်ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် SOMTC (မြန်မာ) ခေါင်းဆောင်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများက နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရှိ အစည်းအဝေး ခန်းမမှ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

              22nd SOMTC စုံညီအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ကမ္ဘောဒီးယားနိုင်ငံ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ကျင်းပရာ အစည်းအဝေး သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် (SOMTC ခေါင်းဆောင်) ရဲဗိုလ်ချုပ်ကြီး POR PHAK က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

              ထို့နောက် အာဆီယံ ၁၀ နိုင်ငံမှ SOMTC ခေါင်းဆောင်များက နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံအဆင့်ပူးပေါင်းဆောင်ရွက် မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အာရှဒေသတွင်းစိမ့်ဝင်လာသော အကြမ်းဖက်မှု အန္တရာယ်တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးပြဿနာ၊ လက်နက်မှောင်ခိုသယ်ဆောင်မှုများ၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ တောရိုင်းတိရစ္ဆာန် နှင့်သစ်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာ SOMTC ခေါင်းဆောင်၊ ရဲဗိုလ်ချုပ် အောင်အောင်က မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် လက်နက်မှောင်ခိုတားဆီးနှိမ်နင်းရေးဆောင်ရွက်ခဲ့မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

              နေ့လယ်ပိုင်းတွင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်း စီမံချက် (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မည့် SOMTC လုပ်ငန်းစဉ် (၂၀၂၂-၂၀၂၄)၊ SOMTC ၏ လုပ်ငန်းလမ်းညွှန် (TOR) နှင့် အထွေထွေနိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (TOR) တို့ကို အတည်ပြုခဲ့ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်းများ၊ ဆိုင်းငံ့/ဆောင်ရွက်ဆဲအခြေအနေများကို နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

              ထို့နောက် အာရှဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင် ပံ့ပိုးပေးလျက်ရှိသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ အမေရိကန်နိုင်ငံတို့နှင့်ပြုလုပ်မည့် အစည်းအဝေးအစီအစဉ်များနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာနိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။ 22nd SOMTC နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။