မြင်းမူမြို့နယ်၌PDFအမည်ခံအကြမ်းဖက်သမားများကမုံရွာ-မန္တလေးကားလမ်းအတိုင်းမောင်းနှင်လာသည့်မော်တော်ယာဉ်တစ်စီးအားလက်လုပ်မိုင်း၊လက်နက်ငယ်များဖြင့်ဖောက်ခွဲပစ်ခတ်ခဲ့သဖြင့်အပြစ်မဲ့ပြည်သူအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သေဆုံးကာအမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိ

Saturday, July 16, 2022 - 15:15

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက မုံရွာ-မန္တလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက် သမားများက လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက် တွင်  ပုလဲမြို့နယ်၊ လက်တောင်းကြီး ကျေးရွာနေသူများ ဖြစ်သည့် ဦးမျိုးညွန့်  အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် အဆိုပါ ကျေးရွာနေ ဦးကျော်မိုး (၄၅)နှစ်မောင်းနှင်သည့် SGG 2J/6740 Navaras အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့်  မုံရွာ-မန္တလေးကားလမ်းအတိုင်း မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ- မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၇ ဖာလုံနှင့် ၅၈ မိုင်အကြားအရောက် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးက လမ်း၏ယာဘက်မှ ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ တို့မှာ ရရှိဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့‌သဖြင့် မြင်းမူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

            ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ သေဆုံး စေသည်အထိ လမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်အား လက်လုပ်မိုင်း၊ လက်နက်ငယ် များဖြင့် ချောင်းမြောင်း ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။