ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Asean+ Police Music Festival သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးဌာနခွဲမှ
သွားရောက်ဖျော်ဖြေ
နေပြည်တော်၊ ဇူလိုင် ၁၂
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival သို့ သွားရောက်ဖျော်ဖြေရန် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း ဦးစီးအဖွဲ့သည် ဇူလိုင် ၇ ရက် နံနက် ၇ နာရီတွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းအထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ ခဲ့ရာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးအဖွဲ့သည် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီတွင် ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန် တို့နှင့်အတူ Outdoor Concert တွင် ဖျော်ဖြေမည့် Rice Drums နှင့် People’s Public Security March သီချင်း ၂ ပုဒ်အား စုပေါင်းတီးမှုတ်လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး နေ့လည် ၂ နာရီတွင် ဟနွိုင်းမြို့ Thang Long Opera Hotel ၌ တက်ရောက်လာသော နိုင်ငံအသီးသီးမှ ရဲတီးဝိုင်းတာဝန်ခံကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် Ly Thai To ရင်ပြင်၌ ဖွင့်ပွဲနှင့် လမ်းလျှောက်ချီတက် ဖျော်ဖြေမှုအစမ်းလေ့ကျင့်ခြင်းအား တက်ရောက်လာသောနိုင်ငံများအလိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ သည်။
အဆိုပါဖျော်ဖြေရေးအဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ King Ly Thai To ရုပ်တုရှေ့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival ဖွင့်ပွဲအခမ်းအနားနှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၏ နှစ်(၆၀)ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ ဇူလိုင်လ ၉ ရက်နံနက် ၇ နာရီတွင် အိမ်ရှင်ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်နှင့် ဂျပန်တို့မှ ရဲတပ်ဖွဲ့တီးဝိုင်းများနှင့်အတူ တက်ရောက်ခဲ့ပြီး Mini Concert ဖျော်ဖြေခြင်း၊ Hoan Kiem Lake (ဟုမ်းကီယမ်ရေကန်) ပတ်လမ်းတလျှောက်ရှိ ပြည်သူလူထုအား ချီတက်ဖျော်ဖြေခဲ့ပြီး ညနေ ၆ နာရီ ခွဲခန့်တွင် ဟနွိုင်းမြို့၊ မီလီယာဟနွိုင်းဟော်တယ်၌ ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တည်းခင်းဧည့်ခံကျွေးမွေး သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကာ ဖျော်ဖြေရေးအဖွဲ့ဝင်များအချင်းချင်း လက်ဆောင်ပစ္စည်း အပြန်အလှန် ပေးအပ်ခဲ့သည်။
ဖျော်ဖြေရေးအဖွဲ့သည် ဇူလိုင်လ ၁၀ ရက်နံနက် ၈ နာရီတွင် ဟနွိုင်းမြို့ King Ly Thai To ရင်ပြင်၌ Outdoor Concert အစမ်းလေ့ကျင့်တီးမှုတ်ခဲ့ကြပြီး ည ၈ နာရီတွင် Outdoor Concert ဖျော်ဖြေပွဲအား တက်ရောက်လာသည့်နိုင်ငံများမှ အလှည့်ကျတီးမှုတ်ဖျော်ဖြေခဲ့ကြပြီး အဆိုပါ ဖျော်ဖြေပွဲသို့ ဗီယက်နမ်နိုင်ငံ ဒုတိယသမ္မတ Mrs. Dang Thi Ngoc Thinh၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ် To Lam နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ တက်ရောက်ချီးမြှင့် ခဲ့ကြပြီး ဗီယက်နမ်ပြည်သူလူထုများမှလည်း အားပေးကြည့်ရှုခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း ဦးစီးအဖွဲ့သည် ဇူလိုင် ၁၁ ရက် ညနေ ၅ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာစံတော်ချိန် ည ၇ နာရီခန့်တွင် ပြန်လည် ရောက်ရှိခဲ့ သည်။
အဆိုပါဖျော်ဖြေရေးတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာချိန်နှင့် ဗီယက်နမ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးဌာနကြီးမှ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်အေး၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ဝင်းမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်နှုတ်ဆက်ခြင်းနှင့် ပြန်လည် ကြိုဆို ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။