နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်ခဲ့သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသည်။
အဆိုပါ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန် ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေး ကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့် စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် တာချီလိတ် လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံတိုင်း ရင်းသားပြည်သူများက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ဆောင်ရွက်မှုများ အောင်မြင်ပါစေ၊ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံပါသည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်ရမည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါသည်” စသည့် စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ လေဆိပ်တွင် ကြိုဆိုခဲ့ကြ ကြောင်း သတင်းရရှိသည်။