နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော် ဇူလိုင် ၆

Wednesday, July 6, 2022 - 15:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၆

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့်  ဦးဌေးလှိုင်၊  ဦးဇော်ဝင်းနှင့်  ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့်တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်ဖြင့် တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်မှစတင်ကျင်းပခဲ့ရာ သုံးကြိမ် မြောက်ရှိပြီဖြစ်ကြောင်း၊ ဧပြီ ၂၁ မှစ၍ ထုတ်ပေးထားပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ဒေတာများပြုစုရေး၊ ဒေတာအတွင်း ထည့်သွင်းရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း အင်အား ၃၆၀၀ ကျော်၊ ကွန်ပြူတာအလုံးရေ ၃၀၀၀ ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များက ဝိုင်းဝန်းပူးပေါင်းလိုက်နာဆောင်ရွက်ခဲ့ကြသည့် အတွက် ဇွန်လ ၂၁ ရက်တွင် လက်ရေးမူ ဖြင့် ထုတ်ပေးထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပြူတာ ဒေတာအတွင်း ၂ လအတွင်း ထည့်သွင်း နိုင်ခဲ့ကြောင်း။

          ဒုတိယအဆင့်အနေဖြင့် ပုံစံ ၆၆ / ၆ ပါ အချက်အလက်များအား ပုံစံ(၄) ရှိ စာရင်းများ နှင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်လုပ်ငန်းပြီးစီးမှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအပြန်အလှန်စစ်ဆေးခြင်းဆောင်ရွက်ရန်  ရပ်ကွက် ၊ကျေးရွာများအလိုက် မြေပြင် ကွင်းဆင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ခြင်းပြီးစီးမှသာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးထားသည့် National Data Base တွင်  စာရင်းဇယားများ မှန်ကန်လုံခြုံစွာ ရောက်ရှိမည်ဖြစ်ကြောင်း၊ National Data Base Main Server တွင် ရှိနေသည့် အချက်အလက်များကို အသုံးပြု၍  သက်ဆိုင်ရာဌာနများနေဖြင့်   လိုအပ်သည့် အချက်အလက် စိစစ်ခြင်း လုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် အဆင့်(၂)နှင့် အဆင့် (၃)ပါ လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆက်လက် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လွတ်လပ်ပြီးမျှတသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲ၊ စာရင်းအတိအကျရှိသော ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံသူနိုင်ငံသားများနှင့် ဌာနဆိုင်ရာများအတွက် အကျိုးရှိစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက မဲစာရင်းများ မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ လူဦးရေစာရင်းကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မဲစာရင်း မှန်ကန်စွာရရှိရေး ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းအချက်အလက် ကောက်ယူခြင်း နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။