ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး ပုဂံ ဇူလိုင် ၃

Sunday, July 3, 2022 - 17:15

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး

ပုဂံ ဇူလိုင် ၃

မြန်မာနိုင်ငံ၊ ပုဂံမြို့တွင်ကျင်းပသည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့၊ နန်းမြင့်မျှော်စင်၊ ဘုရင့်နောင်ခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ တို့ တွေ့ဆုံဆွေးနွေးကြသည်။

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓါတ်မြေဩဇာများ မြန်မာနိုင်ငံသို့ ပိုမို တင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေး၊ မြန်မာပညာသင်များ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှုချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေး အမြင်ချင်း ဖလှယ်ကြသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးကြသည်။

နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကို အခြေခံကာ အာဆီယံတူညီဆန္ဒ (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးနိုင်ငံရေးဖြစ်ပေါ်တိုးတက် မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အောင်မြင်စွာ ဖော်ဆောင် နေမှုတို့ကို တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးအား ရှင်းလင်းပြောကြားသည်။

          နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများ၏ရှေ့မှောက်၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေး နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်း သဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံကိန်း သဘောတူညီချက်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ လှူဒါန်းသည့် ယွမ် (၁၀ ဒသမ ၅) သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက် ရောဂါကာကွယ်ရေး အထောက်အပံ့များနှင့် မြန်မာနိုင်ငံသို့လှူဒါန်းသည့် ယွမ် (၃၂) သန်း တန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်းပေးအပ်/ လက်ခံလွှာ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလွယ်တကူတပ်ဆင်နိုင်သည့် အိမ်အလုံးရေ (၁,၀၀၀) လွှဲပြောင်း ပေးအပ်/လက်ခံလွှာ တို့ကို မြန်မာဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များနှင့် တရုတ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လွှဲပြောင်းလက်ခံလဲလှယ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။