တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ နေပြည်တော် ဇွန် ၁၇

Friday, June 17, 2022 - 16:30

နေပြည်တော် ဇွန် ၁၇

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြု နှင့်ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်၊ တပ်မတော်သူနာပြု နှင့်ဆေးဘက်ပညာတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးကြီး ဒေါ်မေခင်သိန်းနှင့် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ် နေရာများတွင်နေရာယူကြပြီး မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာ ပါမောက္ခ/ ကထိကဌာနမှူးများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်း တို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုပါရဂူဘွဲ့သင်တန်းသူ ၈ ဦး၊ သူနာပြုမဟာ သိပ္ပံဘွဲ့ သင်တန်းသား/သင်တန်းသူ ၄၃ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ သင်တန်းသား ၈ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့ သင်တန်းသား ၁၈ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ သင်တန်းသား/သင်တန်းသူ ၇၂ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာဒီပလိုမာ သင်တန်းသား ၆ ဦး၊ အထူးကြပ်မတ်သူနာပြုစုမှု ဒီပလိုမာ သင်တန်းသား/သင်တန်းသူ ၈ ဦးနှင့် ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာ သင်တန်း သား/သင်တန်းသူ ၃၀ ဦးတို့အား ဘွဲ့များအပ်နှင်းကာ ဘွဲ့ရသူများအား ကျောင်းအုပ်ကြီးက ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ် ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနား ကိုရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြကြောင်း သတင်းရရှိသည်။