မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှုမဖြစ်စေရေး အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက် များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင် နေပြည်တော်၊ ဇွန် ၁၄

Tuesday, June 14, 2022 - 17:45

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှုမဖြစ်စေရေး အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက် များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

နေပြည်တော်၊ ဇွန် ၁၄

            နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်အုတ်နံရံများ၌ အကြမ်းဖက်သမားများက ဆန့်ကျင်ခြိမ်းခြောက်စာများရေးသား ထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်း အတွင်းရှိ တေဇအဆောင်(၆)ခန်းတွဲ အရှေ့ဘက် အုတ်နံရံ၌ “CDM မလုပ်တဲ့ ဆရာ/မများ အသေဆိုးနဲ့ သေပါစေ၊ Grade-7 “ရွှေသွေး”အဆောင် အတွင်းအုတ်နံရံ၌ “စစ်ကျွန်ပညာရေး အားမပေး”၊ Grade-10 “အောင်ရတနာ”အဆောင်(၃)ခန်းတွဲ အတွင်းအုတ်နံရံ၌ “ကျောင်းတက် နေတဲ့ ကျောင်းသားတွေ သေတဲ့သူတွေ အားနာပါဦး” ဟူသောဆန့်ကျင်ခြိမ်းခြောက်စာများအား အနက်ရောင်၊ အနီရောင်မှုတ်ဆေးများဖြင့် ရေးသားထားသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း သိရသည်။

            ထို့ပြင် ဇွန်လ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါ်မြတ်မြတ်သော် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းသို့ PDF အမည်ခံအကြမ်းဖက်သမားက ဖုန်းအမှတ် ၀၉-၇၈၂၅၀၅၉၅၈ ဖြင့် “စစ်ကိုင်း PDF ထံသို့ အလှူငွေ (၅)သိန်းပေးသွင်းရန်၊  ဝန်ထမ်းများအားလုံး CDM ပြုလုပ်ရန်၊ အလှူငွေမထည့်တဲ့ ဝန်ထမ်းအားလုံး ၎င်းတို့အဖွဲ့မှ စောင့်ကြည့်ရှင်းလင်းပစ်မည်”ဟု ခြိမ်းခြောက် စာရေးသားထားသည့် Message များပေးပို့ခြိမ်းခြောက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိသည်။

            အလားတူ ဇွန်လ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျွန်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကလေးသူငယ်များအား ပညာသင်ကြားပေးလျက်ရှိသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိထွေးပါ ကျောင်းဆရာတစ်ဦး၊ ဆရာမ ၄ ဦးတို့အား PDF အမည်ခံအကြမ်းဖက်သမားများက မိုးစစ်ကျေးရွာသို့ ဖမ်းဆီးခေါ် ဆောင် သွားပြီး ဆရာ၊ ဆရာမများအား “ကလေးသူငယ်များကို ဆက်လက်၍ ပညာ သင်ကြားခြင်း မပြုရန်နှင့် CDM ပြုလုပ်သွားရန်” ပြောဆိုခြိမ်းခြောက်ကာ နံနက် ၁၁ နာရီ ၁၅  မိနစ်အချိန်ခန့်၌ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

            အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်  အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။