ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီးရှိ ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခကောက်ခံသည့် Toll Gate အား PDF အမည်ခံအကြမ်းဖက်သမား များက မိုင်းထောင်ဖျက်ဆီး၊ ငွေများအား လုယက်ယူဆောင်
နေပြည်တော်၊ ဇွန် - ၁၁
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် ထွန်းညိုလူ ကုမ္ပဏီပိုင် Toll Gate အနီးရှိ ဝန်ထမ်းနားနေဆောင်များအား ဇွန် ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ကားလမ်းပေါ်၌ မိုင်းထောင်ဖောက်ခွဲကာ လမ်းအသုံးပြုခကောက်ခံငွေများအား ခြိမ်းခြောက်လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါ လမ်းအသုံးပြုခကောက်ခံရေးဂိတ်၌ ဝန်ထမ်း အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦးဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်နေစဉ် လက်နက် ငယ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ဦးခန့်တို့က မော်တော်ဆိုင်ကယ် ၁၀ စီး၊ မော်တော်ယာဉ် ၁ စီးတို့ဖြင့် ရောက်ရှိလာပြီး ဝန်ထမ်း များကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများအား သိမ်းဆည်း၍ လမ်းဘေး၌ မှောက် ခိုင်းထားကြောင်း၊ ထို့နောက် ဂိတ်အနီးရှိ ဝန်ထမ်းနားနေဆောင်များအား မီးရှို့ ဖျက်ဆီး၍ မှန်များအား ရိုက်ခွဲဖျက်ဆီးကာ လမ်းအသုံးပြုခကောက်ခံရရှိ ငွေကျပ် သိန်း ၅၀ ကို ခြိမ်းခြောက် ယူဆောင်သွားကြောင်းနှင့် ဂိတ်အတွင်း ကားလမ်းပေါ်၌ လည်း မိုင်းထောင်ဖောက် ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Toll Gate ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နေ့စဉ် လမ်းအသုံးပြုခကောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ အများပြည်သူသွားလာနေသည့် လမ်းများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေများလုယက်ခြင်းနှင့် အဆောက်အဦများကို ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး အတွက် ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။