ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အား ချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သည့် မဲစာရင်းများ ၁၀.၄ သန်းကျော်အထိ ကြီးမားစွာမှားယွင်း ကွာဟရမှုအပေါ် တပ်မတော်နှင့်နစ်နာသည့် ပါတီ၊ ပြည်သူအများစုက သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့အား ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခြင်း၊''အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ'' အစည်းအဝေး ခေါ်ယူပြုလုပ်ပေးရန် တင်ပြတောင်းဆိုခဲ့ခြင်းတို့အပေါ် အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းမှုသည် နိုင်ငံတော်အာဏာအရပ်ရပ်ကို အတင်းအဓမ္မရယူရန် ဆောင်ရွက်ခြင်း ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်အား နိုင်ငံတော်တာဝန်ကို ခေတ္တတာဝန် ယူထိန်းသိမ်းစေခြင်းဖြစ်သည်။
အရေးပေါ်ကာလအတွင်း ဒီမိုကရေစီအသွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုမှ အုပ်စုဖွဲ့ဒီမိုကရေစီအသွင်၊ ၎င်းမှအကြမ်းဖက်ဆူပူမှု(Riot)နှင့် မင်းမဲ့စရိုက်ဆန်သည့် ဥပဒေမဲ့အကြမ်းဖက်မှု(Anarchy Mob)အဖြစ်ရောက်ရှိစေရေး ဦးတည်လှုံ့ဆော် ဆောင်ရွက်လာခဲ့သည့်အတွက် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်ပျက်ပြားမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ မဖြစ်ပွားစေရေး အလို့ငှာ ၈-၂-၂၀၂၁ ရက်နေ့မှစ၍ မြို့နယ်အချို့အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန်ပြီးနောက် လူအုပ်စုအချို့သည် ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခြင်းလုပ်ဆောင်သော်လည်း လူအုပ်စု အချို့မှာ အကြမ်းဖက်ဆူပူမှု (Riot)ဖြစ်ပေါ်စေရေး၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စု (Anarchy Mob)အသွင်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်လုပ်ဆောင်လာပြီး တည်ငြိမ် အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုနှင့်နိုင်ငံ့ဝန်ထမ်းများအား အဓမ္မ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်လမ်းပေါ်ထွက်ဆန္ဒပြရန် လှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ နေပြည်တော် သပြေကုန်းအဝိုင်းဖြစ်စဉ်၊ မန္တလေးမြို့ ရထားသံ လမ်းပိတ်ဆို့မှုဖြစ်စဉ်နှင့် ဂေါဝန်ဆိပ်ကမ်းဖြစ်စဉ်၊ မော်လမြိုင်မြို့ ဈေးချိုရပ်ကွက် ဖြစ်စဉ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံသူအချို့အား နှောင့်ယှက်ဖိအားပေးမှုများအပြင် လှိုင်သာယာမြို့နယ်နှင့် တာမွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးဖြစ်စဉ်စသည့် မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်မှု များဖြစ်ပွားခဲ့ရသည်။ ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အသက်အန္တရာယ် ရှိသော အကြမ်းဖက်မှုများအထိ ဆောင်ရွက်လာခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး အသက်ဆုံးရှုံး ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဌာနပိုင်မော်တော် ယာဉ်များပျက်စီးခဲ့ရခြင်းများရှိခဲ့ရသလို ဆူပူရမ်းကားဆန္ဒပြသူများတွင် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပေါ်ခဲ့သည်။ အထက်ပါ အကြမ်းဖက်ဆူပူမှုများသည် ထုတ်ပြန်ထားသော ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အောက်ပါရာဇသတ်ကြီးပါပြဋ္ဌာန်းချက်များနှင့် ငြိစွန်း လျက်ရှိသည်- - ရာဇသတ်ကြီးပုဒ်မ ၁၄၃ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး တစ်ခုတွင် ပါဝင်သူဖြစ်လျှင် ထောင်ဒဏ် ၆ လထိ - ရာဇသတ်ကြီးပုဒ်မ ၁၄၄ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် သေစေ လောက်သောလက်နက်ကို ကိုင်စွဲလျက် ပါဝင်သူဖြစ်လျှင် ထောင်ဒဏ် ၂ နှစ်ထိ - ရာဇသတ်ကြီးပုဒ်မ ၁၄၅ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးပြီးကြောင်း သိရှိပါလျက် ဆက်လက်ပါဝင်နေသူ ဖြစ်လျှင် ထောင်ဒဏ် ၂ နှစ်ထိ - ရာဇသတ်ကြီးပုဒ်မ ၁၅၂ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် ကြိုးပမ်းနေသော ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှု၊ ခြိမ်းခြောက်မှု၊ ဟန့်တား မှု၊ အနိုင်အထက်ပြုမှုကို ပြုလျှင် ထောင်ဒဏ် ၃ နှစ်ထိ - ရာဇသတ်ကြီးပုဒ်မ ၁၈၈ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန် ကြေငြာသောအမိန့်ကို ဖီဆန်လျှင် ထောင်ဒဏ် ၆ လထိ - ရာဇသတ်ကြီးပုဒ်မ ၃၃၃ တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ ဝန်ထမ်းကို မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေလျှင် ထောင်ဒဏ် ၁၀ နှစ်ထိ - ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် တာဝန်ဝတ္တရားကို ဆောင်ရွက်နေသည့် အဖွဲ့များ၏ ဆောင်ရွက်မှု အောင်မြင်ရေးကို နှောင့်နှေးစေရန်၊ ပျက်ပြားစေရန် ပြုမူဆောင်ရွက်လျှင် ထောင်ဒဏ် ၂၀ နှစ်ထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အရေးပေါ်ကာလ ၃ ပတ်ကျော် အတွင်း စိတ်ရှည်သည်းခံစွာဖြင့် မေတ္တာရပ်ခံခြင်း၊ သတိပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ပြည်သူလူထုအများစု၏ တည်ငြိမ်အေးချမ်းစွာနေထိုင်လိုမှုအား ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေကြသည့် ဥပဒေမဲ့အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်သော(Anarchy Mob)အသွင်ရောက်ရှိရန် အရှိန်မြှင့်တင်ကြိုးပမ်းလာကြောင်း တွေ့ရှိရသဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူ၏ လူမှုစီးပွားဘ၀အပေါ် ထိခိုက်ပျက်စီးမှုမရှိစေရေးတို့အတွက် အထက်ပါပြဋ္ဌာန်းချက်များကို ချိုးဖောက်လာပါက မလွှဲမရှောင်သာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရလိမ့်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့