သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဗုဒ္ဓဓမ္မသင်တန်းအသီးသီး စတင်ဖွင့်လှစ်
ရန်ကုန်၊ ဇွန် ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဗုဒ္ဓဓမ္မသင်တန်းအသီးသီးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေ၊ စွယ်တော်မြတ် စေတီတော်အနီးရှိ အဆိုပါတက္ကသိုလ် သင်တန်းခန်းမအသီးသီး၌ COVID-19 စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ၁-၆-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သင်တန်းသို့ ဒီပလိုမာ၊ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းအသီးသီးမှ ပြည်တွင်း/ပြည်ပ သင်တန်းသား/သူ ၂၀၈ ပါး/ဦး စတင်တက်ရောက်သင်ကြားလျက်ရှိပြီး ခေတ္တပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများက ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ သမထ၊ ဝိပဿနာ၊ ဓမ္မာနုလောမ ဘာသာရပ်များအပြင် Practical meditation ကိုပါ စတင်ပို့ချသင်ကြားလျက် ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် ပြည်ပနိုင်ငံအသီးသီးမှ သင်တန်းသားများ ပြည်ပ လေကြောင်းခရီးစဉ်များဖြင့် ထပ်မံရောက်ရှိရန် ကျန်ရှိနေသေးကြောင်းနှင့် သင်တန်းသားသစ် ကြိုဆိုပွဲ အခမ်းအနား၊ ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများကို COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။