နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံ သို့ အသွား/အပြန် ရေမိုင်ပေါင်း ၁၈၀၀ မိုင် ခုတ်မောင်းခဲ့ကာ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ် ပို့ဆောင်နိုင်ရေး ဆက်လက်ခုတ်မောင်းလျက်ရှိသည်။
စစ်ရေယာဉ်များပေါ်တွင် လိုက်ပါလာသော မြန်မာနိုင်ငံသားများအား လမ်းခရီး တစ်လျှောက် ကျန်းမာရေးအထောက်အကူပြုစေရန် ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက် ခြင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတဟောပြောပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည့်အပြင် ဖျော်ဖြေရေးနှင့် ရုပ်ရှင်ပြသခြင်းတို့အား ရေယာဉ်များပေါ်တွင် ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြု များကလည်း ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက COVID-19 စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးခြင်း၊ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။