နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ဦးစီး ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၆၅ ဦးခန့်သည် ဖေဖော်ဝါရီ ၆ ရက်နေ့မှစ၍ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ CDM တွင်ပါဝင်ပြီး တစ်ပြိုင်တည်းခွင့်တင်၍ ဆေးရုံမှ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု၏ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းမရှိသည့်အပေါ် ဒေသခံပြည်သူများက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရွှေဘိုပြည်သူ့ဆေးရုံ အမြန်ဆုံးဖွင့်လှစ်ပေးရေး၊ CDM ပြုလုပ်သော ကျန်းမာရေးဝန်ထမ်းများ အလိုမရှိ၊ နာမကျန်းဖြစ်နေသော ဆင်းရဲသားပြည်သူများကို ကိုယ်ချင်းစာပါ၊ ကျင့်ဝတ်နှင့် မညီသော ဆရာဝန်များ အလိုမရှိ စသည့် စာသားပါဆိုင်းပုဒ်များ၊ ကြွေးကြော်သံများဖြင့် ရှုံ့ချဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။