နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်        ၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး နေပြ

Tuesday, May 31, 2022 - 17:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်        ၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော် မေ ၃၁

၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန် ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို သစ်တောသယံဇာတများ ရေရှည် တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူ များ တက်ကြွစွာပူးပေါင်း ပါဝင်လာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းပင်ဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅ ၌ “နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင် ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်”ဟု အခြေခံမူချမှတ်ထားပြီး နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၉၀ ၌ နိုင်ငံသားတိုင်း သည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော် အား ကူညီရန်တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်းသည် တစ်ဦးချင်းအနေဖြင့်သာမက တစ်နိုင်ငံ လုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကို တက်ညီလက်ညီပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပေးမှာကြားလိုကြောင်း။

သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းသည် ‌ဂေဟစနစ် ပြန်လည် ကောင်းမွန်ရှင်သန်ရေးနှင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ် အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ယခင်နှစ်များတွင် သစ်ပင်စိုက်ပျိုးပွဲတော်များကို မိုးရာသီဖြစ်သည့် ဇွန်လ၊ ဇူလိုင်လများတွင်သာ ကျင်းပခဲ့သည်ဖြစ်သော်လည်း ယခုနှစ်တွင် မိုးဦးကျစောပြီး ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် မေလအတွင်းမှစပြီး မိုးရာသီအကြို သစ်ပင် စိုက်ပျိုး ပွဲတော်များ ဒေသအသီးသီးတွင် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ဇွန်နှင့် ဇူလိုင်လများတွင်လည်း နိုင်ငံနှင့်အဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး တွင် သစ်ပင်စိုက်ပွဲတော်များကို ဆက်လက်ကျင်းပသွားကြရန် မှာကြားလိုကြောင်း။

သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာ လှပစေပြီး အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်သည် လူသန်းပေါင်းများစွာ၏ လိုအပ်သည့် အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင် အစရှိသည့် သစ်တောထွက် ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေး နေသကဲ့သို့ ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိပေးကြောင်း၊ ထို့အပြင် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ကို စုပ်ယူသိုလှောင် ဖယ်ရှားပေးခြင်း၊ ရေနှင့်လေကို သန့်စင်ပေးခြင်း၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ပေးခြင်း၊ ဝတ်မှုန်ကူးပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီ မြေနှစ် အဆင့်ဆင့်ဖြစ်ပေါ်စေခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများစွာကိုလည်း ပံ့ပိုးပေး လျက်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြာသာဒ်နှင့် အခြားထာဝရကုသိုလ်များကဲ့သို့ပင် တူညီသည့် ကုသိုလ်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း။

ယင်းသို့ သစ်ပင်စိုက်ပျိုးကြရာတွင်လည်း တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရန် အရေးကြီးပြီး စိုက်သမျှသစ်ပင်ရှင်သန်စေရန်အတွက် အောင်လုံသန်စွမ်းသည့် သက်တမ်းရင့် ပျိုးပင်များဖြစ်ရန် အရေးကြီးသည့်အတွက် ပျိုးသက်(၂)နှစ်သားနှင့် အထက်၊ အမြင့်(၂)ပေ အထက် သစ်ပင်များရရှိအောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း။

 သစ်စေ့မှ စိုက်ပျိုးနိုင်သည့် အမြင့်(၂)ပေနှင့် အထက် အရွယ် ပျိုးပင်တစ်ပင် ဖြစ်လာသည်အထိ အချိန်၊ ငွေ၊ လုပ်အား များစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည် ဖြစ်သည့်အတွက် တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်စေရေး၊ အကျိုး ရှိစေရေး ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုကြောင်း။

သစ်ပင်စိုက်ပျိုးချိန်မှစပြီး ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ ခါးဆွခြင်း၊ မီးဘေး ကာကွယ်ခြင်း၊ ကျွဲနွားတိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိအောင် ကာကွယ်ခြင်း စသည့် ပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရာသီအလိုက် ဆက်လက်လုပ်ဆောင် မှသာ စိုက်ပျိုးပြီးအပင်များ ရာနှုန်းပြည့် ရှင်သန်ကြီးထွားအောင်မြင်နိုင်မည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ထင်း၊ မီးသွေးကို လောင်စာ အဖြစ် အသုံးပြုကြဆဲဆိုသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံ လူဦးရေ၏ ၇၀ ရခိုင်နှုန်း ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ချက်ပြုတ် စားသောက်ရန်အတွက် အများစုသည် ထင်းကိုအဓိကထား သုံးစွဲကြသည်ဖြစ်သည့် အတွက် သဘာဝသစ်တောများအပေါ် မှီခိုအားထားနေကြပါကြောင်း၊ ယင်းကို လျှော့ချရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျေးရွာပိုင်ထင်းစိုက်ခင်း များကိုတစ်ရွာလျှင် အနည်းဆုံး(၂)ဧက စိုက်ပျိုးတည်ထောင်ကြရန် မှာကြားခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သကဲ့သို့ သစ်ပင်စိုက်ပျိုးရေးကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း (၂၈,၇၁၅)ဧက၌ အပင် (၂၃,၉၇၃,၀၅၁)ပင် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း (၂၄,၂၆၉) ဧက ၌ အပင်ပေါင်း သန်း ၂၀ ခန့် စိုက်ပျိုးသွားရန် စီမံထားသည်ဟု သိရှိရကြောင်း။

နိုင်ငံအတွင်းမှာ ဖောက်လုပ်ထားသည့် ဆက်သွယ်ရေး လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် ခရီးသွားပြည်သူလူထုအနေဖြင့် စိတ်ချမ်းမြေ့စွာ ခရီးသွား လာနိုင်ရေးအတွက်  တောပါးနေရာများ၌ သစ်တောကွက်များ စနစ်တကျ စိုက်ပျိုး နိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်က လမ်းပိုင်း(၆၆၃)ပိုင်းမှာ အပင်ပေါင်း (၂၇၈,၅၇၃)ပင် စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် မိုးရာသီ၌ လမ်းပိုင်း (၈၅၉)ပိုင်းတွင် အပင်ပေါင်း ၂ သိန်း ၅ သောင်းကျော် စိုက်ပျိုးသွားကြမည် ဖြစ်ကြောင်း။

ထို့အပြင် စိုက်ပျိုးပြီးသည်နှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်း စောင့်ရှောက်ရန်လည်းလိုအပ်ကြောင်း၊ စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် အောင်မြင်အောင်ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လို ကြောင်း။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု သည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ရှိသောကြောင့် တဖြည်းဖြည်းနှင့် သစ်တောဖုံးလွှမ်းမှုဧရိယာ လျော့နည်းလာပြီး သစ်တောများ ပိုမိုပျက်စီးလာသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲလာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာပြီး ရေချိုများ ခမ်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာ ပျက်စီးယိုယွင်းခြင်း၊ တောင်ပေါ်ဒေသ မြေဆီလွှာများ ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်း ပျောက်ဆုံးခြင်းစသည့် ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင် ရပ်တည်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း။

တစ်ဖက်က သစ်ပင်များ စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင် ခြင်း တို့ကို အရှိန်အဟုန်နှင့် ဆောင်ရွက်နေသကဲ့သို့ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini-budget)နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထား ပြီး သဘာဝတော များ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် သစ်အလုံးလိုက်နှင့် ခွဲသား ပြည်ပသို့ ရောင်းချခြင်းကိုလည်း ခွင့်မပြု ဘဲ ကုန်ချောထုတ်လုပ်ပြီးမှသာ တင်ပို့ရောင်းချရေး ထိန်းသိမ်း ဆောင်ရွက်နေကြောင်း။

          နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့် အညီ ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေသည်ဖြစ်သည့် အတွက် Green City၊ Clean City၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက် ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောသစ်ပင် များနှင့် စိမ်းလန်းစိုပြည်စေရေး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး တို့ကိုလည်း အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။

ယင်းသို့ဆောင်ရွက်နေမှုများသည် မိမိတို့အတွက်သာမက အနာဂတ် မျိုးဆက် သစ်များအတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်းစိုပြည်သည့် ကျန်းမာ​သော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်း ကောင်းမွန်သော မြို့ပြများကို ထာဝရကောင်းမွန်နေသော အမွေအဖြစ် ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်နေခြင်းပင် ဖြစ်ကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနိုင်ငံတော်၏တာဝန်အရပ်ရပ်ကိုထိန်းသိမ်း ဆောင်ရွက်နေစဉ် ကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲ မှုများကိုလျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် ပြန်လည်မျှတ လာစေရေး၊ နိုင်ငံပိုင်သစ်တော များ ရေရှည်တည်တံ့စေရေး၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့် လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်း/ပြည်ပအဖွဲ့ အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့် “သစ်ပင်စိုက်ပျိုးရေးပွဲတော်များ နိုင်ငံအနှံ့ကျင်းပ၍ စိမ်းလန်းသည့် မြန်မာ့ရေမြေ တောတောင်ဖြစ်အောင် ဖန်တီးပုံဖော်ကြရမည်” ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃) ရှိ အမှတ်(၁) နေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပျဉ်းကတိုး ပျိုးပင်ကိုလည်းကောင်း သတ်မှတ်နေရာများတွင် ဦးဆောင်စိုက် ပျိုးပေးကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် ရန်အောင်မြင် ကြိုးဝိုင်း အကွက်(၁၃) ရှိ အမှတ်(၁) နေရာတွင် ပျိုးပင်များကို သတ်မှတ်နေရာများ ၌ စိုက်ပျိုးပေး ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃)၌ အခမ်းအနားသို့ တက်ရောက်လာ ကြသူများ တပျော်တပါး ပျိုးပင်များ စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှု အားပေး သည်။

ယင်းနောက် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃) ရှိ အမှတ်(၂) နေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းမာပျိုးပင်ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပန်းမယ်ဇလီ ပျိုးပင် ကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ က ရန်အောင်မြင် ကြိုးဝိုင်း အကွက်(၁၃) ရှိ အမှတ်(၂) နေရာတွင် ပျိုးပင် များကို သတ်မှတ်နေရာများ ၌ စိုက်ပျိုး ပေးကြသည်။

ယနေ့အခမ်းအနားတွင် စိန်ပန်းနီ၊ တပေဘူတ၊ ကျူးလစ်၊ ငုရွှေဝါ၊ ပျဉ်းမ၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သင်းဝင်၊ အင်ကြင်း၊ ယမနေ၊ ယင်းမာ၊ ကျွန်း၊ ဆီသပြေ၊ မဟော်ဂနီ၊ ဒဟတ်၊ သခွတ်၊ မယ်ဇလီ၊ ထနောင်း၊ ရင်းတိုက်၊ မြန်မာရှား၊ ပနားမားငု၊ ပန်းမယ်ဇလီ၊ တမာ၊ သင်္ကန်း၊ ဝါးမင်း၊ ပန်းပိတောက်၊ စွယ်တော်၊ ငုစပ်၊ မယ်ဇယ်၊ ယူကလစ်၊ ခရေ၊ ဖျောက်ဆိပ်၊ ဝါးဘိုးနှင့် ထီးရိုးဝါး စသည့် ပျိုးပင် (၃၅)မျိုး ၊ ပျိုးပင် အရေအတွက် (၂၇၃၉) ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ယခု၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း၊ အထူးစိမ်း လန်းစိုပြေရေးစိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ(၂)ဧက စိုက်ပျိုးခြင်း၊ လူထုဖြန့်ပျိုးပင်များအနေဖြင့် ပျိုးပင်ပေါင်း ၃၀ ဒသမ ၅၇သန်း စိုက်ပျိုးရန်လျာ ထားကြောင်း သိရသည်။

မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် FAO ၏ ၂၀၂၀ ခုနှစ် တွက်ချက်မှုအရ နိုင်ငံကုန်းမြေအကျယ်အဝန်း၏ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်း သာရှိသည့်အတွက် နိုင်ငံ တော်၏ သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာစေရန်နှင့် သစ်လိုအပ်ချက် များကို ဖြည့် ဆည်းပေးနိုင်ရန်အတွက် နိုင်ငံပိုင်သစ်တောစိုက်ခင်းများကို တိုးမြှင့် တည်ထောင် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ (၁၀)နှစ်တာကာလ အတွက် မြန်မာနိုင်ငံသစ်တော များပြန်လည်တည်ထောင်ရေးစီမံကိန်း(MRRP)ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိကြောင်း၊ ယင်းစီမံချက်နှင့်အညီ အဖိုးတန် သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ထင်းရှူး စိုက်ခင်း များအပြင် ရေဝေရေလဲနှင့် ဒီရေတော စိုက်ခင်းများကို ဧက ၄၂,၀၀၀ ကျော် တည်ထောင် ခဲ့ပြီး၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်းတွင်လည်း ဧက ၂၂,၀၀၀ ကျော် စိုက်ပျိုးတည် ထောင်နိုင်ခဲ့ကြောင်း၊  စီးပွားရေး စိုက်ခင်းများကို အောင်မြင်အောင် တည်ထောင် ထိန်းသိမ်းနိုင်မည်ဆိုပါက နောင်ကာလတွင် နိုင်ငံတော်အတွက် သစ်လို အပ်ချက်ကို သဘာဝတောများကို ထိခိုက်ခြင်း မရှိစေဘဲ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။