နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် မေ ၃၁
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန် ကိုစတင်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့ကာ အချို့ EAO အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက် မှုများအထိဖြစ်ပေါ်ခဲ့ပြီး ယနေ့အချိန်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော်အကြမ်း ဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်မှုများကြောင့် တာဝန်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ ယခုအခါ အေးချမ်းသည့်အနေအထားသို့ရောက်ရှိလာပြီဖြစ်ကြောင်း။
ကိုဗစ် -၁၉ ရောဂါထိန်းချုပ်နိုင်မှု
နိုင်ငံတစ်ခုသည်ရပ်တန့်နေ၍မရဘဲ ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက် ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ကိုဗစ် ၁၉ ကူးစက်မှု ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ကို ခက်ခဲစွာဖြင့်ကျော်ဖြတ်ခဲ့ရကြောင်း၊ သို့သော် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ တာဝန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာစီမံခန့်ခွဲသည့် အဖွဲ့အစည်း အသီးသီးအပင်ပန်းခံဆောင်ရွက်ခဲ့မှုများကြောင့် လက်ရှိအချိန်တွင် ထိန်းသိမ်းနိုင်သည့် အနေအထားကို ရောက်ရှိလာခြင်းပင်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မှုအနေဖြင့် ယခုလ ၃၀ ရက်အထိ မိမိတို့နိုင်ငံတွင် ၈ သန်းကျော်ကိုစစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိသူ အနေဖြင့် ၆၁၃၃၂၆ ဦးတွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူအနေဖြင့် ၁၉၄၃၄ ဦးရှိခဲ့ကြောင်း၊ ယခုအခါ ပိုးတွေ့ရာခိုင်နှုန်း ၀ ဒသမ ၁၆ ရာခိုင်နှုန်းသာရှိကြောင်း၊ မေ ၃၀ ရက်တွင် ကမ္ဘာတစ်ဝန်းကူးစက်မှုလူဦးရေ ၂၅၅၄၆၂ ဦးတွေ့ရှိရပြီး ပိုးတွေ့သူ စုစုပေါင်း ၅၃၁ သန်းကျော်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတကာတွင် မိမိတို့ထက်ပိုမိုခံစားရကြောင်း၊ မိမိတို့ နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်၌ အခက်အခဲဖြစ်ပေါ်နေချိန်တွင် ပြည်တွင်းမှ အဓိကပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ပြည်သူလူထုများ၊ မိတ်ဆွေ ကောင်းပီသစွာဖြင့်အကူအညီပေးခဲ့သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှား နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အခြားအကူအညီပေးခဲ့သည့် နိုင်ငံများကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ ချိန်တွင် ဆူပူအကြမ်းဖက်မှုအခက်အခဲ၊ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုအခက်အခဲများ ကို ဖြေရှင်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
ပညာရေးကဏ္ဍ မြှင့်တင်မှု
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုများကြောင့် ပြန်လည်ပိတ်ထားခဲ့ရမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါအချိန်တွင် ကျန်းမာရေးဝန်ထမ်းများ၏ CDM ပြုလုပ်မှုများ၊ အကြမ်းဖက် PDF များကအကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့်အခက်အခဲများ ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း အတန်းတင်စာမေးပွဲများကို ကျင်းပပေးနိုင်ခဲ့ ကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက် လျက်ရှိပြီး ၄ သန်း ၉ သိန်းကျော်အပ်နှံပြီးဖြစ်၍ ဆက်လက်တိုးတက်လာမည့် အခြေအနေ တွေ့ရှိရကြောင်း၊ အဆင့်မြင့်ပညာနှင့် ပတ်သက်၍ တက္ကသိုလ်များ၊ ကောလိပ်များကိုလည်း ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများစွာ ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် စိတ်ဓာတ်ပြင်းပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ပညာပြည့်ဝစွာ သင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို အစိုးရအနေဖြင့် နည်းလမ်းရှာ၍ ဖြည့်ဆည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးကောင်းမွန်ရန်လိုအပ်မှုနှင့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ရန်လိုအပ်မှု
နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကိုလည်းပုံမှန် လည်ပတ်အောင်ဆောင်ရွက်နေရန် လိုကြောင်း၊ နိုင်ငံတကာတွင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုများကြောင့် စီးပွားရေးထိခိုက်မှုများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လည်း ပြည်ပပို့ကုန်နှင့်ပတ်သက်၍ မျှော်မှန်းထားသလောက် တင်ပို့နိုင်ခဲ့ခြင်းမရှိ ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျင် ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ နိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများသည်လည်း ဈေးကွက်ဝင်ပြီး အရည်အသွေးကောင်းမွန်မှုရှိရန်လိုကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တိုးတက်မှုများရရှိနိုင်မည် ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် ရငွေရရှိမှသာလျင် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက် ရေးကို အပြည့်အဝ ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်တွင် ရငွေများနည်းပါးမှုဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည် တိုးတက်မှု များရှိခဲ့ကြောင်း၊ သို့သော်အပြည့်အဝရရှိခြင်းမရှိသေးကြောင်း၊ ရသင့်ရထိုက်သည့် အခွန်အခများရရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ဆောင်ရာ တွင် အချို့စက်ပစ္စည်းများသည် သက်တမ်းကြာမြင့်ခြင်း၊နည်းပညာအရနောက်ကျ ခြင်းများ ရှိသဖြင့် စက်စွမ်းအား ပြည့်လည်ပတ်နိုင်မှုမရှိခြင်း၊ သွင်းအားစုများပြည့်ဝ စွာမရရှိခြင်းတို့ကြောင့် အရည်အသွေး ပြည့်မီသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းမရှိ သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရရှိသည့် ငွေအင်အားဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ငွေများကို အတတ်နိုင်ဆုံးချွေတာသုံးစွဲရန် နှင့် မဖြစ်မနေသုံးစွဲရမည်ဆိုပါက စည်းမျဉ်း၊ စည်းကမ်း ဥပဒေနှင့်အညီ စနစ်တကျဖြင့် စိစစ်သုံးစွဲကြရန်လိုကြောင်း၊ နိုင်ငံ၏ကုန်သွယ်မှု လိုအပ်ချက်အရ အချို့သော ပြည်ပ သွင်းကုန်တင်သွင်းခြင်းများကို ကန့်သတ်ခဲ့ရ ကြောင်း၊ သို့သော် စက်သုံးဆီ၊ စားဆီတို့နှင့်ပတ်သက်၍ ကမ္ဘာ့ဈေးကွက် အခြေ အနေအရ ဈေးနှုန်းမြင့်တက်ခြင်းများရှိခဲ့သော်လည်း လုံးဝပြတ်လပ်ခြင်းများ မရှိ အောင် စီမံခဲ့ကြောင်း။
အဆောက်အဦဆောက်လုပ်ရန်အတွက် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် သံမဏိနှင့် ဘိလပ်မြေများ ထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများရှိကြောင်း၊ အဆိုပါ ကုန်ကြမ်းပစ္စည်းများကို အသုံးချ၍ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံနှင့် ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများကို အသေးစားစက်မှုဇုံများ ဖော်ဆောင်၍ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သဖြင့် ဒေသအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရန်လိုအပ်မှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက် ရေး တို့နှင့်ပတ်သက်၍ “ပြီးခဲ့တဲ့ တစ်လလောက်က ကျွန်တော် ဝန်ကြီးချုပ်များကို ပြောပါတယ်။ ကိုယ့်ရဲ့ရေမြေသဘာဝကို အသုံးချပြီးတော့ ကုန်ထုတ်လုပ် မှုတွေ တိုးမြှင့်အောင် ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် နိုင်ငံတော်အတွက်များစွာ အထောက် အကူရမယ်ဆို တာလေးပြောလိုပါတယ်။ အဲ့ဒီတော့ စောစောကပြောတဲ့ ရေခံမြေခံနဲ့ ပတ်သက်တာပေါ့။ ရေတွေ၊ မြေတွေ ကျွန်တော်တို့မှာရှိတယ်။ စိုက်ပျိုး လုပ်ကိုင်နိုင်တဲ့ မြေတွေရှိတယ်။ မွေးမြူရေးလုပ်ကိုင်နိုင်တဲ့မြေတွေရှိတယ်။ အဲ့ဒီတော့ မကြာခင်ကပဲ ကျွန်တော် နေပြည်တော်ကောင်စီနယ်မြေဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး သီးခြားအစည်း အဝေးလေး လုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်ပြောပါတယ်။ ကျွန်တော် တို့က မြေကို အပြည့်အဝအသုံးချဖို့၊ ဥပမာ စိုက်ဧက ၃၃ သန်းရှိတယ်။ သီးထပ် သီးညှပ်ပေါင်းလိုက် ရင် ၄၈ ဧက၊ ၄၈ သန်းရှိတယ်။ အဲ့ဒီတော့ သန်းပေါင်း ၁၅ သန်းလောက်က တစ်သီးပဲ စိုက်တဲ့အနေအထားရှိတယ်။ ကျန်တာက သီးထပ်သီးညှပ် စိုက်တယ်။ အဲ့ဒီတော့ အဲ့ဒီ ၁၅ သန်းလောက်က ကျွန်တော်တို့က နှစ်သီးစိုက်လို့ ရအောင် ကြိုးစားလို့ရှိရင် စိုက်ပျိုးရေးကရတဲ့ ထုတ်ကုန်ပစ္စည်းတွေ နှစ်ဆလောက် တက်လာနိုင်တာရှိတယ်။ မဖြစ်နိုင်ဘူးလို့ တွက်ပေမဲ့ တစ်ကယ်လုပ်ရင်ဖြစ်ပါတယ်။ အဲ့ဒီမှာ လိုတဲ့ ခုနကပြောတဲ့ မြေရယ်၊ မျိုးရယ်၊ ရေရယ် ဒီဟာကိုပဲ ကျွန်တော်တို့က ဖန်တီးပေးရမှာပဲ။ အဲ့ဒီက အခြေခံတဲ့၊ ထွက်လာတဲ့ဟာတွေကို မွေးမြူရေးလုပ်ငန်းတွေမှာ အများကြီး သုံးလို့ရမယ်။ တိရစ္ဆာန်အစားအစာတွေ အများကြီးဖြစ်လာမယ်။ စိုက်ပျိုးရေး ထုတ်ကုန် ပစ္စည်းရှိမယ်။ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းအောင်မြင်လာပြီ ဆိုလို့ရှိရင်၊ ဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေ အများကြီး ပြည်နယ် နဲ့တိုင်း ဒေသကြီးတွေမှာ လုပ်လို့ရတယ်။ အဲ့ဒီအပေါ်မှာတစ်ခါ စက်မှု လုပ်ငန်းသွား မယ် ဆိုရင်တော့ လျှပ်စစ်ကလိုတာပေါ့။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မိမိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစီအစဉ်နဲ့ National Grid ကမဟုတ်ဘဲ ကိုယ့်ဘာသာကို လျှပ်စစ်ရအောင် ကြိုးစားဆောင်ရွက်မယ်ဆိုလိုရှိရင် အဲ့ဒီလျှပ်စစ် ထွက်နိုင်တဲ့နေရာ တွေမှာ စောစောကပြောတဲ့ ကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ကျွန်တော်တို့သွားလို့ရတယ်။ မွေးမြူရေးထုတ်ကုန်၊ စိုက်ပျိုးရေး ထွက်ကုန်တွေအပေါ် အခြေခံတဲ့ ကုန်ထုတ်လုပ်မှုကို သွားမယ်ဆိုလို့ရှိရင် ဒေသတွင်းမှာ ပြည်နယ်နဲ့ တိုင်းအလိုက် စက်မှုလုပ်ငန်းတွေ၊ စက်မှုဇုန်တွေ ပေါလာမယ်။ ဒါက ဘာလဲဆိုတော့ ဖြစ်နိုင်တဲ့ နည်းလမ်းကို ကျွန်တော်ကပြောတာပါ။ မဖြစ်နိုင်တာ ကျွန်တော် မပြော ပါဘူး။ ပြည်နယ်နဲ့တိုင်းများကလည်း ကိုယ့်ဒေသအလိုက် စီးပွားရေး ဇုန်လေးတွေကို။ ဟိုဘက် အဝေးကလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့ လုပ်တဲ့ဟာမျိုးတွေထက်၊ ကိုယ့်ဒေသ မှာ ထွက်တဲ့ ထုတ်ကုန်ပစ္စည်းကို အခြေခံတဲ့ ကုန်ထုတ် လုပ်မှုသွားတာက ပိုပြီးတော့ ကောင်းပါတယ်။ ကျွန်တော် အဲ့ဒါ ပုသိမ်မှာ တစ်ခါပြောခဲ့ပါတယ်။ ပုသိမ်စက်မှုဇုန် သွားကြည့်ရင်းနဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ နိုင်ငံခြားကခေါ်မယ်၊ ပြုမယ် ဆိုတာ။ ဟုတ်ပြီ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ သို့သော်လည်းပဲ ခင်ဗျားတို့ ဒီမှာ ဆန်စက်တွေ ရှိတယ်။ ပဲတွေ စိုက်နေတယ်။ အဲ့ဒီတော့ အဲ့ဒီကနေ ထွက်တဲ့၊ အခြေခံတဲ့ တန်ဖိုး မြင့်ကုန်တွေ ထုတ်နိုင်ဖို့ကြိုးစား။ ဟင်းသီးဟင်းရွက်တွေ စိုက်၊ မွေးမြူရေး လုပ်ငန်း တွေ လုပ်၊ အဲ့ဒီကနေပြီးတော့ တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းတွေ လုပ်မယ်ဆို လို့ရှိရင် အများကြီး အထောက်အကူရလိမ့်မယ်။ ဒါတွေက ပြည်နယ်နဲ့ တိုင်းအလိုက် အကောင် အထည်ဖော်ဖို့ လိုပါတယ်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ပြောကြားမှု Video File ကို ပြသမည် ဖြစ်ပါသည်။)
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလိုအပ်မှု
အားကစားကဏ္ဍနှင့်ပတ်သက်၍ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မိမိတို့နိုင်ငံအနေဖြင့် အဆင့် ၇ ရရှိခဲ့ကြောင်း၊ အားကစားပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများကိုလည်း မိမိကိုယ်တိုင်တွေ့ဆုံအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကြိုးမာန်တက်ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ယခင်သုံးနှစ် ပြိုင်ပွဲမှတ်တမ်းများကို ကြည့်မည်ဆိုပါက ယခုအကြိမ်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲရလဒ် သည် ယခင်အကြိမ်များထက် ပိုမိုကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ ၂၉ ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၂၉ နည်း၊ အားကစားသမား ၃၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေ ၇ ခု၊ ငွေ ၁၀ ခု၊ ကြေး ၂၀ ခု စုစုပေါင်း ၃၇ ခုရရှိခဲ့ကြောင်း၊ အကြိမ်(၃၀)မြောက်တွင် အားကစားနည်း ၃၁ နည်း၊ အားကစားသမား ၃၅၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၄ ခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု စုစုပေါင်း ၇၃ ခုရရှိခဲ့ကြောင်း၊ (၃၁)ကြိမ်မြောက်တွင် အားကစားနည်း ၂၀ ၊ အားကစားသမား ၂၈၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခင်နှစ်ထက် အားကစားနည်း နှင့် လူဦးရေ နည်းပါးခဲ့ကြောင်း၊ သို့သော် ရွှေ ၉ ခု၊ ငွေ ၁၈ ခု၊ ကြေး ၃၅ ခု စုစုပေါင်း ၆၂ ခု ရရှိခဲ့ကြောင်း၊ တိုးတက်မှုရှိလာသည်ဟု ပြော၍ရနိုင်မည်ဖြစ်ကြောင်း၊ အားကစားသည် နိုင်ငံတစ်ခု၏ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ရေးအတွက် ငွေကြေး ထောက်ပံ့မှုကောင်းမွန်သည့် နိုင်ငံ၊ အားပေးမှုစဉ်ဆက်မပြတ်သည့်နိုင်ငံ၊ လုံခြုံရေးနှင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိသည့် နိုင်ငံများသည် မိမိတို့ထက် သာလွန်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအချက်မှာ မိမိတို့နိုင်ငံ၏အခြေအနေကို မီးမောင်းထိုးပြနေ ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးကြွယ်ဝရေးအတွက်ကို ယခုထက်ပိုမို ဆောင်ရွက်ရန်၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန်၊ လုံခြုံမှုနှင့် ပဋိပက္ခများမရှိရန် စသည့် အချက်များရှိရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ် များဖြစ်ပေါ်လာပါက ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။
နိုင်ငံတစ်ခု၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးအတွက် အားကစားကို အားပေးရန်လိုကြောင်း၊ လေ့ကျင့်မှုကိုလည်း လုပ်ဆောင်ရမည်ဖြစ်ပြီး လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ၊ အားကစားကွင်းနှင့် အားကစားရုံများကို ကောင်းမွန်စွာ ဖြင့်ဖြည့်တင်းပေးရန် လိုသကဲ့သို့ အာဟာရပြည့်ဝအောင် ကျွေးမွေးရန်လည်း လိုအပ် မည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်လည်း စည်းကမ်း စနစ်တကျနေ ထိုင်ပြီး စားသောက်နေထိုင်မှု စနစ်တကျရှိရန်လိုကြောင်း၊ အားကစားသမားများ အနေဖြင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာများနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုများ အားနည်းသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် စားသောက်မှုအပိုင်းကို ပြင်ဆင်ရန် လိုအပ်သည်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစားပွဲများ ဆောင်ရွက်ရာတွင်လည်း တိုင်းပြည်အတွက်အကျိုးရှိစေရေး စနစ်တကျဖြင့် စီစဉ်ဆောင်ရွက်ရန် လိုကြောင်း၊ အားကစားပြုလုပ်ခြင်းသည် ပြည်သူတစ်ဦးချင်း ကျန်းမာကြံ့ခိုင်ရေးမှသည် နိုင်ငံ တကာအားကစားများအထိဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊ အားကစားများ ဆောင်ရွက်ရာတွင် အဖြစ်သဘောဆောင်ရွက်ခြင်းမျိုး မပြုလုပ်ဘဲ အောက်ခြေမှအစ ကောင်းမွန်အောင် ကြိုတင်ပြင်ဆင်၍ဆောင်ရွက်ရန်လိုကြောင်း၊ အားကစားသမား များ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝအာမခံချက်များရှိစေရေး အတွက်လည် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကြာမီအချိန်တွင်လည်း စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သဖြင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ရှိ ရေအားလျှပ်စစ်စက်ရုံများပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိ အခြေအနေ၌ နိုင်ငံခြားသားပညာရှင်များငှားရမ်းဆောင်ရွက်လျက်ရှိရာမှ နောင်တွင် မိမိတို့နိုင်ငံမှ အင်ဂျင်နီယာပညာရှင်များဖြင့်အစားထိုးဆောင်ရွက်သွားနိုင်ရေးစီစဉ် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည် ဆောက်ရေးအတွက် အင်ဂျင် နီယာနည်းပညာရှင်များ လိုအပ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၊ နည်းပညာကောလိပ်များ၊ နည်းပညာ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (ဗဟိုဝန်ထမ်းတက္ကသိုလ်)များတွင် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေး နေခြင်းမှာ နိုင်ငံ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်ရည်ရွယ်ချက်ဖြင့် သင်ကြား ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းများတွင် အခြေခံစစ်ပညာကို ထည့်သွင်းသင်ကြား ပေးနေရခြင်းမှာလည်း နိုင်ငံဝန်ထမ်းများ စည်းကမ်းတကျနေထိုင်တတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရန် သင်ကြားပေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရ အနေဖြင့် ပညာရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုအဖြစ် KG + 9 ပညာရေး စနစ်ကို မသင်မနေရအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း အဆိုပါပညာရေးစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ယင်းစနစ်သည် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည့် နှစ် ၃၀ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းတွင် ပြဌာန်းထားပြီးဖြစ်ကြောင်း၊ KG + 9 သင်ယူပြီးစီးပါက KG + 10 + 11 + 12 မှတစ်ဆင့် အဆင့်မြင့်ပညာရေးသို့ လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ စက်မှုလက်မှု အထက်တန်း ကျောင်းအပါအဝင် အသက်မွေးပညာသင်ကျောင်းများသို့ လည်းကောင်း ဆက်လက် တက်ရောက် သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆိုပါအသက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကျောင်းများမှတစ်ဆင့် ထူးချွန်ကျောင်း သားကျောင်းသူများကို သက်ဆိုင်ရာ တက္ကသိုလ်ပညာရပ်များဆက်လက် သင်ကြားနိုင် ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက် ပေးသွားကြ ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာရေးနေ့ သင်တန်းတက်ရောက်ခြင်းဖြင့် ကျယ်ပြန့် သည့် လူမှုဆက်ဆံ ရေးအသိုက်အဝန်း တည်ဆောက်နိုင်ပြီး စီမံခန့်ခွဲမှုအပိုင်းတွင် ပိုမိုအားကောင်းသည်ကို တွေ့ရှိရကြောင်း၊ ဥပဒေနှင့် စီးပွားရေးပညာရပ်သည် နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် တက္ကသိုလ် များတွင် အဆိုပါပညာရပ်များနှင့် သက်ဆိုင်သည့်ဘွဲ့၊ ဒီပလိုမာ များပေးအပ် နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန်သူများအနေဖြင့် အဆင့်မြင့်အတန်းများ ဆက်လက်တက်ရောက်သွားနိုင်မည်ဖြစ် ကြောင်း။
ပညာရေးကဏ္ဍတွင် နိုင်ငံရေးရောထွေးမှုမရှိစေရန် အမျိုးသားပညာရေး ဥပဒေပါ ပြဌာန်းချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေးတွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်ကြားနိုင်သော်လည်း ပညာရေးနှင့် နိုင်ငံရေးရောထွေး၍ မရပါ ကြောင်း၊ နိုင်ငံရေး ဆောင်ရွက်လိုပါက နိုင်ငံရေးနယ်ပယ်သို့ သွားရောက်ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း။
တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်သည့် အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေများကို သင်ကြားနိုင်ရေးဆောင်ရွက် လျှက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြစ်သည့် အတွက် မူဝါဒအပိုင်းတွင် တစ်မျိုးတည်းဖြစ်ရန်လိုအပ် ကြောင်း၊ မတူညီသည်များကို ပေါင်းစပ်ညှိနှိုင်းရန်လိုအပ်ကြောင်း၊ မြန်မာစာ၊ မြန်မာ စကားသည် ပြည်ထောင်စု၏ တရားဝင်ရုံးသုံး၊ ကျောင်းသုံးစာပေဖြစ်သဖြင့် နိုင်ငံသား အားလုံး အနေဖြင့် သင်ကြား တတ်မြောက် ထားရမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးယန္တရားတွင် ခရိုင်ဖွဲ့စည်းမှုကို အဓိကထားစီမံဆောင်ရွက်ရသည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အသစ်ထပ်မံဖွဲ့စည်းထားသည့်ခရိုင်များ အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသအဖွဲ့များတွင် အရေးကြီးသည့် ဌာနဆိုင်ရာရုံးများအမြန် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွား ရန်လိုကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများအနေဖြင့် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပညာရေးကဏ္ဍနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ပိုမိုအလေးထား ဦးစားပေးဆွေးနွေးဆောင်ရွက် သွားကြရန်လိုကြောင်း ဖြင့်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။