နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ
နေပြည်တော် မေ ၂၉
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ "ဝ" ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် နေပြည်တော် သို့ရောက်ရှိကြသည်။
"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖွဲ့သည် နံနက်ပိုင်းတွင် မော်တော်ယာဉ် များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြရာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တွေ့ဆုံ ဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။