သတင်းထုတ်ပြန်ခြင်း

Tuesday, March 30, 2021 - 09:30

သတင်းထုတ်ပြန်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ကုန်းကျော်တံတားအောက်တွင် လူစုလူဝေးအင်အား ၃၀၀၀ ကျော်ခန့်နှင့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံတွင် လူစုလူဝေးအင်အား ၃၀၀၀ ကျော်ခန့်တို့သည် ဆူပူဆန္ဒပြနေကြကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုသို့ စုဝေးဆန္ဒပြမှုများအပေါ်မူတည်၍ အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်ကာ ထုတ်ပြန်ထားရှိသော အမိန့်ညွှန်ကြားချက်များနှင့်အညီ လူစုခွဲရန် အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ကြွေးကြော်သံအမျိုးမျိုး အော်ဟစ်ကာ ဆက်လက်ဆူပူဆန္ဒပြနေသည်ကို တွေ့ရှိရပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူဆန္ဒပြသူအင်အားစုများအား ဥပဒေနှင့်အညီ (ဒိုင်း)များ အသုံးပြုတွန်းထုတ်ခြင်းဖြင့် လူစုခွဲရန် ကြိုးစားခဲ့သော်လည်း လူစုမခွဲဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုရန် ကြိုးစားလာသဖြင့် အသံမြည်ဗုံးဖြင့်ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲရန် ကြိုးစားခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိှမှု အနည်းဆုံးသာ ဖြစ်စေရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ပြီး ယာဉ်အချို့အား လမ်းများပေါ်တွင် ကန့်လန့်ဖြတ်ပိတ်ဆို့ထားခြင်း များအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။ ဖော်ပြပါဖြစ်စဉ်များတွင် ကန့်လန့်ဖြတ်ပိတ်ဆို့ထားရှိသည့် ယာဉ် (၇)စီး၊ ဆိုင်ကယ် (၃)စီး၊ စက်ဘီး (၂)စီး၊ လူစုလူဝေးပြုလုပ်ကာ ဆူပူဆန္ဒပြသူ အမျိုးသား (၃၀)ဦး၊ အမျိုးသမီး (၁)ဦး၊ စုစု ပေါင်း (၃၁)ဦး တို့အား ဖမ်းဆီးထိန်းသိမ်းထားရှိပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။