တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ကော့ သောင်းမြို့နယ်၊ ဂျလန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ မေ - ၂၅
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့တွင် ကော့သောင်းမြို့နယ်၊ ဂျလန်းကျေးရွာရှိ ကရဝိတ်ဘုရား၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၁ ဦး၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ အရိုးရောဂါ ၁၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၃ ဦး၊ မျက်စိရောဂါ ၁၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၇ ဦးစုစုပေါင်း ၁၄၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၆ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၎င်းအပြင် သားအိမ်အတွင်း ၁၂ ပေါင်ခန့်ရှိ အသားကျိတ်တည်နေသော လူနာတစ်ဦးအား ခွဲစိတ်ကုသသည့် အကြီးစားခွဲစိတ်မှုကို ဆေးရုံရေယာဉ်ပေါ်ရှိ ခွဲစိတ်ခန်း၌ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ သည့်အပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၁ ဦးကိုလည်း ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသ ပေးနိုင်ခဲ့သည်။ အဆိုပါ အကြီးစားခွဲစိတ်မှုခံယူခဲ့သည့် လူနာအား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင် ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်ခဲ့ပြီး အားပေးစကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။